ဖာပွန်  ၂၀   အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ အားကစားပစ္စည်းနှင့် ဓာတ်မြေသြဇာ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဖာပွန်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ယွန်းစလင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးစိုးဦးက နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖာပွန်ခရိုင်အတွင်းရှိ ထောက်ပံ့ကြေး မရရှိသော မသန်စွမ်းသူများဦးရေ (၂၁၃)ဦးကို တစ်ဦးလျှင် ငွေကျပ်(၃၀ဝ၀ဝ) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၃၀ဝ၀ဝ) ကိုလည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၅၉၇)ကတ်ကိုလည်းကောင်း၊ ဓာတ်မြေသြဇာအိတ်(၁၀ဝ)နှင့် Out Door Fitness (၂)စုံနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့သည်။

 

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက် အေးသုခကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်ရှိ အသင်းတော် အခြေပြု မူကြိုကျောင်းသို့ သွားရောက်ပြီး မူကြို ကလေးငယ်များအား အာဟာရရှိသော မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ကရင်ပြည်နယ်အတွင်းရှိ မသန်းစွမ်းသူဦးရေ (၅၇၉၂)ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၇၃၇၆၀ဝ၀ဝ)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)