ဖာပွန်  ၁၀  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ရော်ဘာအစေးလှီးသင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဦးသန့်ဇင်က ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများအား ရော်ဘာအစေးလှီးရာတွင် လိုအပ်သည့် အပင်လုံးပတ်တိုင်းတာခြင်း၊ အစေးလှီးကွက် ရွေးချယ်ပြင်ဆင်ခြင်း၊ အစေးလှီးမျက်နှာပြင်ဖွင့်ခြင်း၊ ဇွန်း၊ ဂျိက်၊ ခွက်တပ်ဆင်ခြင်း၊ အစောင်းဒီဂရီမှန်ကန်စွာလှီးနိုင်မှ ရော်ဘာအစေးရည် စီးဆင်းမှုကောင်းခြင်း၊ ဓားစာပါးပါးဖြင့် အစေးရည်ကြော ထိထိမိမိရအောင်လှီးပြီး ပင်စည်အသားကို မထိစေရန် အထူးသတိပြု ရှောင်ရှားရမည့်အချက်တို့ကို အသေးစိတ် ရှင်းလင်းသင်ကြားပေးလျက်ရှိသည်။

 

သင်တန်းတွင် စာတွေ့လက်တွေ့ (၂)မျိုးသင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တတစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို စိုက်ပျိုးရေးဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြင့်မားလာစေရေး ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)