ဖာပွန် ၁၁ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း (mask) များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် နှင့် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့နှင့် လူအလာများသည့် လမ်းစုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း ဖာပွန်မြို့တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂၄ ဦးရှိပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)


