ဖာပွန် ၁၄ ဇွန်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကျွန်းပျိုးပင်ပေါင်း ၆၀ဝ ကို အမှတ်(၄) ရပ်ကွက်၊ ဝါးမူနှင့် တိုးချဲ့ကြိုးဝိုင်း အကွက်အမှတ်(၂)အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

ဖာပွန်မြို့၊ ဥတ္တရာရုံအေးသုခတောရ ကျောင်းတိုက်ဆရာတော် ဥူးဝါရိန္ဒ စီစဉ်မှုဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဆရာတော်၏ သားတပည့်များ ပူးပေါင်း၍ ကျွန်းပင်ပေါင်း ၆၀ဝ ကို ဝါးမူနှင့် တိုးချဲ့ကြိုးဝိုင်း အကွက်အမှတ်(၂)အတွင်း စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

 

ပြည်သူလူထုအနေဖြင့် ယခုနှစ် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မအူ၊ စိန်ပန်းကြီး၊ ဗန်ဒါ၊ ကညင် စသည့် ပျိုးပင်(၈)မျိုးကို ဖာပွန်မြို့မသစ်တောပျိုးဥယျာဉ်တွင် မည်သူမဆို အခမဲ့ လာရောက်ထုတ်ယူ စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)