ဖာပွန်  ၁၃  ဧပြီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်(၅)မျိုးကို စနစ်တကျ ဖြန့်ဝေပြီးစီးကြောင်း သိရသည်။

 

အခြေခံစားသောက်ကုန်(၅)မျိုး ဖြန့်ဝေရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆား(၅၀)သားနှင့် ကုလားပဲ(၁)ပိဿာတို့ကို ဖာပွန်မြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်မှ အိမ်ထောင်စု(၁၀၀)၊ကျေးရွာများရှိ အိမ်ထောင်စု(၅၄၄)စုအတွက် စနစ်တကျ သွားရောက်ဖြန့်ဝေပေးခဲ့သည်။

 

ဖာပွန်မြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ဖြန့်ဝေပေးရာတွင် ဧပြီလ(၁၀)ရက်တွင် အိမ်ထောင်စု(၁၀၀)စု၊ (၁၁) ရက်နေ့တွင် အိမ်ထောင်စု(၂၃၉)စု၊ (၁၂)ရက်နေ့တွင် အိမ်ထောင်စု(၃၀၅)စု၊ စုစုပေါင်း အိမ်ထောင်စု(၆၄၄)စုကို စနစ်တကျ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)