ဖာပွန် ၁၂ မတ်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၊ အမှတ်(၄)ရပ်ကွက် အေးသုခဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ အမှတ်(၂၁) တပ်မတော်စစ်ဆေးရုံမှတပ်မှူး ဗိုလ်မှူး ညီညီစံ ဦးဆောင်ပြီး ပါရဂူနှင့် သူနာပြုအရာရှိများ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီက စတင်ကာ ရောဂါရှာဖွေကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ကုသမှုပေးရာတွင် လိုအပ်သောဆေးဝါးများကိုပါ အခမဲ့ ပေးအပ်ခဲ့သည်။ အဆိုပါ ဆေးကုသပေးနေမှုကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ စစ်ဗျူဟာအဖွဲ့အခြေချ (ဖာပွန်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

 

နယ်လှည့်ဆေးကုသရေးအဖွဲ့သည် အထွေထွေရောဂါ၊ အရိုးအကြောရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် အာရုံကြောအားနည်းရောဂါများကို အခမဲ့ ဆေးကုသပေးခဲ့ရာ အေးသုခကျောင်းဆရာတော်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊အောင်မျိုးလွင်(ပြန်ဆက်)