ညောင်ဦး ၆ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှ PYAPON Cycling Group စက်ဘီးစီးအဖွဲ့သည် ဩဂုတ် ၂ ရက် နံနက် ၆ နာရီမှစတင်ကာ မိုင် ၆၀၀ ခရီး စတင်စီးနင်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဩဂုတ် ၅ ရက် ညနေ ၆ နာရီတွင် ရောက်ရှိခဲ့သည်။

 

အဆိုပါ PYAPON Cycling Group စက်ဘီးစီးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ကနေ ရန်ကုန်သို့ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့မှ မန္တလေးသို့ မြန်မာ့မီးရထားစီးကာ မန္တလေးမြို့ကနေ မြင်းခြံ၊ ပုဂံ-ညောင်ဦး၊ ထိုမှတစ်ဆင့် ဗျတ္တပန်းဆက်လမ်းမှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာကျော်မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်သို့ စက်ဘီးစီးတက်မည်ဖြစ်ကြောင်း၊ ပုပ္ပားမှပြန်ဆင်းလာပြီး ကျောက်ပန်းတောင်းမြို့မှ ရေနံချောင်းမြို့၊ မကွေးမြို့၊ ပြည်မြို့၊ ဟင်္သာတမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့ အစရှိသည့်မြို့များဖြတ်ကာ ဖျာပုံမြို့သို့ ရောက်မည်ဖြစ်ကြောင်း PYAPON Cycling Group စက်ဘီးစီးအဖွဲ့အား ဦးဆောင်သည့် ဦးညီဝင်းထိုက်က ရှင်းပြသည်။ 

 

PYAPON Cycling Group စက်ဘီးစီးအဖွဲ့တွင် ၁၄ ဦးပါဝင်ကာ အဆိုပါအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် ကျန်းမာဖို့စက်ဘီးစီးစို့ ဆောင်ပုဒ်နှင့်အညီ မိမိတို့အဖွဲ့အနေဖြင့် မိုင် ၆၀၀ ကျော်ခရီးအား စီးနင်းခြင်းဖြစ်ကြောင်း၊ စက်ဘီးစီးနင်းခြင်းအား ယနေ့ခေတ်လူငယ်၊ လူရွယ်များ စီးနင်းမှုနည်းလာခြင်းကြောင်း၊ စက်ဘီးစီးနင်းရာတွင် လူငယ်လူရွယ်များ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်း၊ ခြေလက်သန်မာ ထွားကျိုင်းလာခြင်း၊ အမောခံနိုင်ခြင်း၊ ကိုယ်စိတ်ကျန်းမာ ရွှင်လန်းခြင်း အကျိုးခံစားနိုင်စေရန် မိုင် ၆၀၀ ကျော်ခရီးအား စီးနင်းခြင်းဖြစ်ကြောင်း ဦးညီဝင်းထိုက်က ပြောသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)