ဖျာပုံ ၂၇ ဧပြီ
ဖျာပုံခရိုင် ဖျာပုံမြို့နယ် မြို့ရန်ပုံငွေမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ပျံကျဈေးများ ဆောင် ရွက်ထားရှိမှု၊ မြို့တွင်းပိုးသတ်ဆေးဖျန်းလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များ ၊ အိမ်အရောက် ဈေးဝယ်စနစ် ဆောင်ရွက်ပေးမည့်အစီအမံများ ၊ ရပ်ကွက်၊ ကျေးရွာများတွင် Hand Speaker ဖြင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရေး၊ မြို့နယ်တွင်း လှည့်ကင်းဆောင်ရွက်နေသူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး၊ ရန်ကုန်မြို့မှ ဖျာပုံမြို့သို့ ဝင်ရောက်သည့် ယာဉ်လိုင်းများ မြို့အဝင်ဂိတ်များတွင် စနစ်တကျစိစစ်ပေးနိုင်ရေး၊ ပင်လယ်ရေ လုပ်သားများ လုပ်ငန်းသိမ်းချိန် နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့်အစီအမံများ ကြိုတင်ပြင်ဆင်နိုင်ရေး၊ အနှေးယာဉ်လုပ်သားများ၊ စည်ပင်ဝန်ထမ်းများ၊ ပျံကျဈေးသည်များအား ပိတ်စဖြင့် ပြုလုပ်ထားသည့် Marsk များ ဝေငှပေးနိုင်ရေး တို့ကိုအကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေမိသားစုက Quarantine Center များတွင် ထားရှိရန် ပန်ကာများ လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူးကလက်ခံရယူခဲ့ပြီး မြို့ရန်ပုံငွေ (လွတ်လပ်ရေး ရန်ပုံငွေ) မှ Quarantine Center များတွင်ထားရှိရန် တစ်မြို့နယ်လျှင် ပန်ကာ နှစ်လုံးစီ၊ ခရိုင်/မြို့နယ် ကိုဗစ်ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ပါဝင် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင် သန့်ရှင်းရေး ဝန်ထမ်းများ၊ Volenteer လူငယ်များအား တစ်ဦးလျှင် ကျပ်(၅၀ဝ၀)တန် ဖုန်းငွေဖြည့်ကတ် စုစုပေါင်းတန်ဖိုး ကျပ်(၅၈)သိန်း(၅)ထောင် နှင့် တာဝန်စာတန်းပါ ရောင်ပြန်အင်္ကျီများ၊ လှုံဆော်ရေး တီရှပ်များကို လွှတ်တော်ကိုယ်စားများက ပေးအပ်လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဇီဇဝါကုမ္ပဏီမှ Face Mask Shield (၅၀ဝ)ခု၊ ဒေါက်တာသူရဇော် မိသားစုမှ အလှူငွေ ကျပ်(၅) သိန်း ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဘဏ္ဍာရေးကော်မတီက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)


