ဖျာပုံ ၂ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အေးသာယာကျေးရွာအုပ်စု၊ အခြာလေးကျေးရွာတွင် ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဧပြီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဖျာပုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်းနှင့် ဝန်ထမ်းများ၊ အခြာလေးကျေးရွာ ရေပေးရေးကော်မတီဝင်များက အဆိုပါ ကျေးရွာများ ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားကြောင်း သိရသည်။
အဆိုပါကျေးရွာ ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၂၀ သန်းဖြင့် Life Straw ရေသန့်စင်စက် (၁၆)လုံးတပ်ဆင်ခြင်း၊ Storage Tank လီတာ (၁၀၀၀)ဆံ့(၅)လုံးတပ်ဆင်ခြင်း၊ အလျား ၂၀၊ အကျယ် ၁၀၊ အမြင့် ၁၉ ပေ ရေစက်ရုံတည်ဆောက် ခြင်း၊ ဂါလံ(၈၀၀)ဆံ့ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၅၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
အခြာလေးကျေးရွာ ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ(၂၂၅) အိမ်၊ လူဦးရေ(၁၁၅၃) ဦးတို့ကို သန့်ရှင်းသော သောက်သုံးရေအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


