ဖျာပုံ မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သောက်သုံးရေ လုံလောက်မှုမရှိသော ကျောင်းကုန်းကျေးရွာနှင့် မြက်ခါးကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက သောက်သုံးရေ ဂါလံ ၄၈၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းကျေးရွာနှင့် မြက်ခါးကျေးရွာများတွင် အိမ်ခြေ(၄၂၈)အိမ်၊ လူဦးရေ (၁၈၇၇)ဦးရှိပြီး နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လိုအပ်သော ရေပမာဏအား ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ အခြားဌာနဆိုင်ရာများနှင့် အလှူရှင်အသင်းအဖွဲ့များ ပူးပေါင်း၍ လည်းကောင်း နေ့စဉ်လှူဒါန်းပေးလျက်ရှိပါကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများဖြင့် ချိတ်ဆက်၍ သတင်းအချက်အလက်များရယူကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက ပြောသည်။
စိုးမိုးကျော်