ဖျာပုံ အောက်တိုဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဉ်ဖြစ်ရာ အောက်တိုဘာ ၁ ရက်မှ စတင်၍ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူရာသို့ ဖျာပုံခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း စတင်ကောက်ယူရာသို့ သွားရောက်ကြည့်ရှုပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး၊ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးစားကောက်ယူကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဖျာပုံမြို့နယ်အနေဖြင့် မြို့ပေါ် ရပ်ကွက် (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စုရှိ နေထိုင်သူများအားလုံးကို စာရင်းကောက်အဖွဲ့ (၄၃)ဖွဲ့မှ မြို့နယ်အတွင်းရှိ အိမ်ထောင်စုကောက်ကွက် (၅၂၉)ကွက်နှင့် အဖွဲ့အစည်းကောက်ကွက် (၄)ကွက် စုစုပေါင်း စာရင်းကောက်ကွက် (၅၃၃)ကွက်အား စာရင်းကောက်အဖွဲ့များမှ ရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tablet ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။

 

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)