ဖျာပုံ၊    ၂၉   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၂ က်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ တုံ့ပြန်းရေး ကော်မတီ နာယက၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဖျာပုံခရိုင် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းစိုးတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြာသည်။

ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်းသော PPE၊ ခွဲခန်းသုံးလက်အိတ်၊ Family Care လက်ဆေးဆပ်ပြာရည်၊ ရေမလိုလက်သန့်ဆေးရည် တို့အား ခရိုင်၊ မြို့နယ် ကိုဗစ်ကော်မတီ နာယက၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ပေးအပ်ရာ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် တာဝန်ရှိသူများက လက်ခံယူကြသည်။ လှူဒါန်းရာတွင် ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် တန်ဖိုးငွေကျပ် ၁၂၀၉၆၇၃၊ မြို့နယ် ကိုဗစ်ကော်မတီအတွက် လှူဒါန်းပစ္စည်းတန်ဖိုး ငွေကျပ် ၆၄၁၀၈၂ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၈၅၀၇၅၅ ရှိကြောင်း သိရသည်။

‌အောင်ဝင်းနိုင်(ပြန်/ဆက်)