၃၀  ဧပြီ

 

Hello Sayarwon ရဲ့ စာဖတ်ပရိတ်သတ်များမင်္ဂလာပါ ။ အခုအချိန်မှာ ကောလဟာလ အမျိုး‌မျိုးတွေ ထွက်နေတော့ ပုံမှန် ကိုယ့်ဖာ သာကိုယ်ဖျားနေရင်တောင် ရောဂါများ ဖြစ်နေလားဆိုပြီး မသင်္ကာတာမျိုး ခံစားရနိုင်ပါတယ ။ ကိုဗစ်-၁၉ ရဲ့ ရောဂါလက္ခဏာတွေကိုလည်း ကျွန်တော်တို့ Hello Sayarwon အပါအဝင် မီဒီယာအမျိုးမျိုးကနေ အကြိမ်ကြိမ် တင်ပြနေတဲ့အတွက် ပိုတောင် နားယဉ်‌နေမယ်လို့ ယူဆပါတယ်။

 

အများသိတဲ့အတိုင်းပဲ ကိုဗစ်-၁၉ရဲ့ ရောဂါလက္ခဏာတွေက ဖျားမယ်၊ ချောင်းဆိုးမယ်၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်နိုင်တဲ့အတွက် သာမန်နေမကောင်းဖြစ်ခြင်းနဲ့ သိပ်မကွာခြားပါဘူး။ အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာဆိုးဝါးတာလည်း ကိုဗစ်-၁၉ virus ကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ အတွေ့များတတ်တဲ့ တခြားရောဂါတွေ ဥပမာ အဆုတ်ရောင်ခြင်း၊ တီဘီရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

ဒီအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ဖြစ်နိုင်တဲ့ လူနာတွေအတွက် လုပ်ထုံးလုပ်နည်း guideline ဆွဲထားပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်နေတယ်လို့ သံသယရှိတဲ့လူတစ်ယောက်ဟာ လက်ရှိ ကိုရိုနာရောဂါပိုးဖြစ်ပွားနေတဲ့ နိုင်ငံဒေသတွေက ပြန်လာသူဖြစ်ခြင်း သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတယ်လို့ အ‌တည်ပြုအဖြေထုတ်ခံရတဲ့သူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့တဲ့လူကိုတော့ လူနာအမျိုးအစား A လို့ သတ်မှတ်ပါတယ်၊ ဒီလိုလူမျိုးကိုတော့ ဆေးရုံ သို့မဟုတ် အိမ်မှာပဲ သီးသန့်ထားပြီး ၂၁ ရက် စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်ပါတယ်။

 

 

လူနာအမျိုးအစား B ကတော့ မြန်မာနိုင်ငံမှာပဲနေပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေနဲ့ လာတာပါ ။ လက်ရှိအနေအထားအရတော့ တခြားသော သာမန်ဖျားနာခြင်း၊ အသက်ရှုလမ်း‌ကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း မေ့ထားလို့ မရသေးတဲ့အတွက် ရောဂါ ရှာဖွေခြင်း အဆင့်ဆင့်တွေ လုပ်ပြီး လိုအပ်တဲ့ကုသမှုတွေ လုပ်ရပါမယ်။

 

အဆိုပါ ဝေဒနာတွေ ခံစားနေရတဲ့လူနာတွေအနေနဲ့ အိမ်မှာပဲ ၂၁ ရက် စောင့်ကြည့်စရာ မလိုအပ်ပေမဲ့ ခုခံအားကျနေတဲ့အတွက် တတ်နိုင်သမျှ အိမ်မှာပဲ နေဖို့၊ နေမကောင်းမချင်း အပြင်မထွက်ဖို့ အကြုံပြုလိုပါတယ်။

 

လူနာအမျိုးအစား C ကတော့ ဘာရောဂါ ဘာအကြောင်းမှန်းမသိဘဲ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေနဲ့အတူ အသက်ရှူလမ်းကြောင်း ရောဂါဆိုးနေရင်တော့ ကိုဗစ်-၁၉ ဖြစ်နိုင်တဲ့ သံသယလူနာလို့ သတ်မှတ်ပြီးတော့ သီးသန့်ထားရှိမှာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် ဒီအချိန်မှာ မောပန်းလို့ ပင်ပန်းလို့ စတဲ့ ပုံမှန်ဖျားနေကျ အကြောင်းတွေကြောင့် သာမန်ဖျား‌နာနေတဲ့ လူတွေအတွက်  စိတ်ပူစရာ မလိုအပ်သလို ပေါ့ပေါ့ဆဆ မနေဖို့ အကြံပြုလိုပါတယ်။ ကိုယ်ခံအားတက်အောင် နေထိုင်ခြင်း၊  မကြာခဏ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်းတွေက COVID-19 ကို ကာကွယ်ရာမှာ အကျိုးရှိတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”