နေပြည်တော် ၁၃ ဇွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၂၁/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) အခန်း (၁) မှ အခန်း (၁၅) အထိနှင့် နောက်ဆက်တွဲ ဇယား- ၁ မှ ဇယား- ၅ တို့ အပေါ်တွင် လေ့လာသုံးသပ်၍ ပူးပေါင်းကော်မတီသို့တင်ပြခဲ့သည့် ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ဖြည့်စွက် ရန်နှင့် မူလအတိုင်းထားရှိရန် အဆိုပြုတင်ပြချက်များကိုအပြီးသတ် စုစည်းဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)