နေပြည်တော်  ၂၃  သြဂုတ် 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၈၆(က)တွင် ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်သည် အလွန်အရေးကြီးပါကြောင်း။

၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့သည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စိစစ် ဆောင်ရွက်သင့်ပါကြောင်းကော်မတီက သဘောထားမှတ်ချက်ပြုထားသည်ကို တွေ့ရပါကြောင်း၊ ကော်မတီ၏ သဘောထားမှတ်ချက်သည် ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲမှ လုပ်ဆောင်ခြင်းဖြစ်သကဲ့သို့ ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မူရင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားသောအားဖြင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို လေးစားသော အားဖြင့်လည်းကောင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို လက်ခံအတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။

ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ ခုနှစ် အခန်း(၁၂ )၌ ရှင်းလင်းစွာ ပြဋ္ဌာန်းထားပြီး ပူးပေါင်းကော်မတီ လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း နည်းဥပဒေ- ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁၀ဝ တို့၌ ပြဋ္ဌာန်း ထားပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ် ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာသည် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဆောင်ရွက်ဘဲ လုပ်ထုံးလုပ်နည်း မှားယွင်းစွာ အကြံပြုထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် အစီရင်ခံစာအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနှင့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်မှ တာဝန်ပေးခန့်အပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (၄၅)ဦးပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် ပြင်ဆင်လိုသည့်အချက်အလက်များ စုဆောင်းနေသည့် အဆင့်သာလျှင်ဖြစ်ပြီး ဥပဒေကြမ်းဖြစ်မြောက်လာစေရန် အချိန်ကာလမည်မျှ ကြာရှည်မည်ကို မျှော်မှန်း၍မရနိုင်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် လုင်းငန်းစဉ်ကို ဥပဒေနှင့်မညီသည့် လုပ်ငန်းစဉ်နှင့် ယှဉ်တွဲသုံးသပ်ခြင်းသည် ဥပဒပြုမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် မလုပ်ဆောင်သင့်သည့် လုပ်ရပ်ဟု ယူဆပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဇော်မင်းဦးက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံဥပဒေတစ်ရပ်ကို ပြင်ဆင်သည့် ပြဋ္ဌာန်းချက် မရှိပါက  ၄၅ ဦး ကော်မတီဖွဲ့စည်းလုပ်ဆောင်မှုသည် မှန်သည်ဟုပြောရမည်ဖြစ်ပါကြောင်း၊ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း (၁၂)တွင်ပါသည့် ပုဒ်မ ၄၃၃၊ ၄၃၄ ၊ ၄၃၅ နှင့် ၄၃၆ ပြဋ္ဌာန်းချက်တို့နှင့်အညီ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာသည် ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၅ တို့နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ မှ ၁၃၉ အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ညီညွတ်မှုမရှိခြင်း၊ ဥပဒေကြမ်းကော်မတီသည် ဒေါက်တာ မောင်သင်းတင်သွင်းသည့် ဥပဒေကြမ်းကို စီစစ်ရန် ပျက်ကွက်ခြင်းကြောင့် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအပေါ် ကန့်ကွက်ပါကြောင်းနှင့် ဥပဒေပြုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်ပါပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပြီး ဥပဒေနှင့်အညီ ပြန်လည်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇာနည်ထက်အောင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းလွင်ဌေး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်အေး သဉ္ဇာကျော်၊ နတ်မောက်မဲဆန္ဒနယ်မှ ဦးအောင်တင်လင်း၊ တပ်မတော်သားအမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ညွန့်ဆွေ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲစိုး၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသန်းဝင်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်းကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၂/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက လက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများက ကြိုတင်ငွေ ဖြည့်သွင်းထားသည့် ငွေကြေးများကို ကျန်းမာရေး၊ ဖျော်ဖြေရေး စသည့် သုံးစွဲသူများ Subscribe မလုပ်ခဲ့သည့် အပတ်စဉ်၊ လစဉ် ဝန်ဆောင်မှုများအတွက် တယ်လီဖုန်းအော်ပရေတာက ဖြတ်တောက်ခြင်းဆိုသည့် လက်လွတ်စပယ်ရယူသွားခြင်း၊ သုံးစွဲသူပြည်သူများ အကုန်အကျခံလိုခြင်း မရှိသည့်  ငွေကြေးဆုံးရှုံးမှုများအတွက် စိတ်မကျေမနပ်ဖြစ်နေမှုများကို လွှတ်တော်တွင် တရားဝင် မေးမြန်းထားမှုများရှိသည့်အပြင် မီဒီယာများတွင်လည်း ထုတ်ဖော်ဝေဖန်သုံးသပ်မှုများ ရှိနေသောကြောင့် ဌာနအနေဖြင့် ကိုယ်နှင့်မဆိုင် တာဝန်မရှိသကဲ့သို့ ရေငုံနှုတ်ပိတ်မနေဘဲ သုံးစွဲသူ ပြည်သူများ သံသယကင်းအောင် ဖော်ထုတ်အရေးယူခြင်းမျိုးနှင့် တိကျသည့် ရှင်းလင်းမှုများကို လုပ်ဆောင်ပေးရန် အချိန်မဆွဲသင့်ပါကြောင်း။

သုတေသနပြုချက် တစ်ခုအရ တစ်ရက်လျှင် ငွေကျပ် သန်း ၅၆၀ ကျော် ပမာဏရှိသည့် အေးဓားပြတိုက်နေမှုကို ဖုန်းကုမ္ပဏီတိုင်းက ပြုလုပ်နေကြောင်း ဖော်ပြထားသည်ကို Social Media များတွင် တွေ့နေရပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စကို ဌာနများအနေဖြင့် မည်သို့ရှင်းလင်းချက်ပေးမည်ကို ပြည်သူများက မျှော်လင့်လျက်ရှိပါကြောင်း ဆွေးနွေးသည်။

ဆာလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်က ဝင်ငွေခွန်လျာထားချက်များကို လက်တွေ့ကျပြီး သင့်တော်သည့် ကိန်းဂဏန်းများဖြစ်စေခြင်းနှင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် လုပ်ငန်းများ နှင့် အဆင့်ဆင့်တိုးတက်သော စီမံချက်မျိုးသာဖြစ်သင့်ပါကြောင်း၊ ယခုကဲ့သို့ ဝင်ငွေခွန် လျာထားချက်မပြည့်မီသည့်အပေါ်တွင် တိကျမှန်ကန်မှုမရှိသော၊ ညီညွတ်မှုမရှိသော လုပ်ရပ်များအစား  တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အစီရင်ခံစာ တစ်စောင်သာဖြစ်သင့်ပါကြောင်း ဆွေးနွေး သည်။

ထို့ပြင် လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၁၂/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ရပ်နားလိုက်သည်။

သတင်း- မော်စီ၊ မွှေးကြူဇင် 
ဓာတ်ပုံ-ထန်းဖုန်