ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

နေပြည်တော် ၁၅ သြဂုတ် 


မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဖတ်ကြားတင်သွင်းသည်။


လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖွဲ့စည်းပုံ ခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်ရန်တင်သွင်းထားသည့် ဥပဒေမူကြမ်းအပေါ် စိစစ်သုံးသပ်ရာတွင် ယင်းဥပဒေမူကြမ်းနှင့် အလားသဏ္ဍာန်တူညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ၂၀၁၉  ခုနှစ် ဖေဖော်ဝါရီ  ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်သည့်လုပ်ငန်းစဉ်နှစ်ရပ် အပြိုင်တင်သွင်းလာသည့်အခါ သီးခြားဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းမရှိသည့်အတွက် လွှတ်တော်၏အဆုံးအဖြတ်ရယူ ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း။


ထိုသို့ လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့ရာတွင် “ယင်းဥပဒေမူကြမ်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ လုပ်ငန်းစဉ်များကို တစ်ပေါင်းတည်း လေ့လာစိစစ်ဆောင်ရွက်သွားရန်” ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် အတည်ပြုခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း။


ပူးပေါင်းကော်မတီဝင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က ယခုတင်သွင်းလာသည့် ဖွဲ့စည်းပုံ ခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းသည် ပြင်ဆင်သည့်ဥပဒေမူကြမ်းတစ်ခု၏ ရေးထုံးနှင့်ညီ ညွတ်ခြင်းမရှိသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန်မသင့်ဟု အကြံပြုတင်ပြခဲ့ပါကြောင်း၊ ပူးပေါင်းကော်မတီဝင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၊ ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဗိုလ်မှူးချုပ်တင့်လွင်တို့က ဤဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သင့်သည်ဟု အကြံပြုတင်ပြခဲ့ပါကြောင်း။


ကျန်ပူးပေါင်းကော်မတီဝင်များအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဦးသိန်းထွန်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ဥပဒေမူကြမ်းအပေါ် လွှတ်တော်က အဆုံးအဖြတ်ပြုခဲ့သည့် လုပ်ငန်းစဉ်များအတိုင်းသာ ဆောင်ရွက်သင့်သည်ဟု အကြံပြုတင်ပြခဲ့ကြပါကြောင်း။ 


သို့ဖြစ်ပါ၍ မိတ္ထီလာမဲဆန္ဒနယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးကတင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဦးသိန်းထွန်း တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းအပေါ် ၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့်အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဆက်လက်ဆောင်ရွက်မည့် ဥပဒေမူကြမ်းရေးဆွဲရေး၊ လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်းထည့်သွင်း စိစစ်ဆောင်ရွက်သင့်ပါ၍ ပူးပေါင်းကော်မ၏ အစီရင်ခံစာကို လွှတ်တော်က ဆုံးဖြတ်အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဖတ်ကြားသည်။


ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပြီး လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ဥပဒေကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်း၊ အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရေးအတွက် ပေးပို့ထားပါကြောင်းနှင့် ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။


ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ သဘောထားရယူ၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုပြီး ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော် နည်းဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာ ရင်းများနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၁/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ နော်လှလှစိုးက လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးသည် ၁၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိသေးသဖြင့် စိုးရိမ်ဖွယ်အနေအထားတွင် မရှိသေးသော်လည်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ ချေးငွေအပေါ်အကျိုးအမြတ်ဖော်ဆောင်နိုင်မှု၊ ချေးငွေနှင့်ပြုလုပ်သော စီမံကိန်းများကိုကြီးကြပ်နိုင်မှု၊ ချေးငွေသက်တမ်းအတွင်းတွင် ပြီးမြောက်အောင်ဖော်ဆောင်နိုင်မှုတွင် အားနည်းမှုများရှိနေသည်ကိုတွေ့ရပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ထပ်မံ၍ လုပ်ဆောင်ရန်ပြင်ဆင်ထားသော China Myanmar Econnomic Corridors တွင် ပါဝင်သော စီးပွားရေးပူးပေါင်းမှုလုပ်ငန်းများကိုဖြစ်စေ၊ BRI အစီအစဉ်ဖြင့် ပြုလုပ်မည့် ကူမင်း- မန္တလေး၊ နေပြည်တော်-ကျောက်ဖြူ-ရန်ကုန်ရထားလမ်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံ ကိန်းများ၊ မြို့သစ်စီမံကိန်းများ၊ စွမ်းအင်စီမံကိန်းများတွင် ကြိုတင်စီစစ်ခြင်း အစီအမံများ၊ ပတ်သက်သက်ဆိုင်သူများနှင့် ကြိုတင်ဆွေးနွေးခြင်းများ၊ မဟာဗျူဟာမြောက် သဘာဝဝန်းကျင်နှင့် လူမှုဝန်းကျင်စစ်တမ်းများ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များ၊ ငြိမ်းချမ်းရေးအတွက် ထည့်သွင်းစဉ်းစားချက်များကို စီးပွားရေးတွက်ချေကိုက်မှု ဆန်းစစ် ချက်များနှင့်အတူ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍ အကြွေးဆိုသည်မှာ လုပ်ငန်းအရှိန် အဟုန်တက်နေသူအတွက် လုပ်ငန်းတိုးချဲ့ရန် မဖြစ်မနေအရေးကြီးသကဲ့သို့ ဖွံ့ဖြိုးရန် တာစူနေသော မြန်မာနိုင်ငံအတွက် စနစ်တကျ  အသုံးချရန် အရေးကြီးပါကြောင်း ဆွေးနွေးသည်။
     

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးဌာနအသီး သီးကို သက်ဆိုင်ရာဘဏ္ဍာနှစ်မကုန်မီ ပိုလျှံငွေများ ပြန်လည်အပ်နှံရန်(၂)ကြိမ်ခန့် နှိုးဆော်ခဲ့သည်ဟု သိရပါကြောင်း၊ နှိုးဆော်ခဲ့သော်လည်း ဌာနများအနေဖြင့် ညွှန်ကြားချက်ကို တိကျစွာလိုက်နာမှု အားနည်းသည်ကို တွေ့ရပါကြောင်း၊ ယင်းအားနည်းမှုများသည်  ယခင်နှစ်အဆက်ဆက်မှ ယခုအချိန်ထိရှိနေခြင်းဖြစ်ပါကြောင်း၊   ပိုလျှံငွေများအား နောက်ကျစွာ ပြန်အပ်သည့်အထဲတွင် ဖြည့်စွက်ရံပုံငွေမှ ပြန်လည်အပ်နှံမှုသည် အဆိုးဆုံးဖြစ်ပါကြောင်း၊  ဘဏ္ဍာရေးစည်းမျဉ်းများအရသော်လည်းကောင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် ဌာနများအနေဖြင့် တောင်းခံငွေကို ကုန်စင်အောင်သုံးစွဲရမည်ဖြစ်သော်လည်း တောင်းခံပြီး မသုံးစွဲဖြစ်၍ ပြန်လည်အပ်နှံသည်ဆိုသည်မှာ လုပ်ထုံးလုပ်နည်း ဥပဒေများကိုချိုးဖောက်သည်ဟု သုံးသပ်ပါကြောင်း။ 
ပြန်အပ်သည့် အဖွဲ့အစည်းများအနေဖြင့်လည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  ပြန်လည်အပ်နှံထားသည့် အဖွဲ့အစည်းများကို မှတ်သားထားပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံလာပါက ခွင့်ပြုသွားရန် မသင့်ပါကြောင်း ဆွေးနွေးသည်။ 


ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက Private Sector နှင့် ပတ်သက်၍ ဓါတ်အားခနှုန်းထား ကုန်ကျစရိတ်ကွာဟမှုကို တင်ပြခဲ့ရာတွင် နိုင်ငံပိုင်စက်ရုံများ၏ Operation နှင့် Generation Cost အပေါ်တွင်မူတည်ပြီး ဓါတ်အားခနှုန်းထားကို တွက်ချက်ထားခြင်း ဖြစ်ပြီး စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်မဟုတ်ဟု ယူဆရပါကြောင်း၊  စီမံကိန်းတွင်အသုံးပြုသည့် ဝန်ထမ်းများ၏ လစာများ၊ သုံးခဲ့သည့် ဘဏ္ဍာငွေများကို နိုင်ငံတော်ကို ပြန်မသွင်းရမှုများ၊ စီမံကိန်းဘတ်ဂျက်များကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းများကို ထည့်သွင်းတွက်ချက် သင့်သကဲ့သို့ Private Sector ရင်းနှီးမြှုပ်နှံသူများထံမှရရှိမည့် Income Tax ၂၅ ရာခိုင်နှုန်း၊ Commercial Tex ၂၅ ရာခိုင်နှုန်းနှင့် With Holding Tax ၂ ရာခိုင်နှုန်း စသည့် အခွန်အခများကို Private Sector ရင်းနှီးမြှုပ်နှံသူများထံမှရရှိနိုင်ပြီး သတ်မှတ်ကာလပြီးဆုံးပါက လုပ်ငန်း၏ရာနှုန်းပြည့်ကို နိုင်ငံတော်က ရရှိပိုင်ဆိုင်နိုင်မည်ကိုလည်း ထည့်ပြီးစဉ်းစားသင့်ပါကြောင်း။


တိုးတက်သည့်နိုင်ငံတိုင်းတွင် အစိုးရက ၁၀ ရာခိုင်နှုန်း၊ FDI က ၉၀ ရာခိုင်နှုန်းနှင့် ပါဝင်သည့် လျှပ်စစ်မူဝါဒမျိုး ကျင့်သုံးသဖြင့် လက်တွေ့ကျကျ အောင်မြင်နေမှုများကို မိမိတို့ပတ်ဝန်းကျင်တွင် ရှိနေသည့်အတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများကို စေတနာဖြင့် အကြံပြုတိုက်တွန်းပါကြောင်းဆွေးနွေးသည်။ 
ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်က ခေတ်မီဖွံ့ဖြိုးသည် ဘဏ်လုပ်ငန်းများပေါ်ထွန်းရေး ရည်မှန်းချက်အတွက် JICA ၏ နည်းပညာ အကူအညီကိုရယူပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိသော ဘဏ်လုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ မြို့နယ်ဘဏ်ခွဲများတွင် ဖွံ့ဖြိုးရေးချေးငွေဌာနခွဲများ သီးခြားဖွင့်၍ ရုံးချုပ်ရှိ ဖွံ့ဖြိုးရေးချေးငွေဌာနတို့နှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်တက်လာမည်ဖြစ်ပါကြောင်း၊ 


ချေးငွေပြန်လည်ပေးဆပ်ရာတွင် အတိုးသာပေးရသည့် ဆိုင်းငံ့ကာလတစ်နှစ်ထားရှိသင့်ပါကြောင်း၊ လယ်ယာမြေပြုပြင်ခြင်း၊ မျိုးစေ့များထုတ်လုပ်ခြင်းတို့အတွက် ကာလတိုချေးငွေ ၃ နှစ်ဆောင်ရွက်သင့်ပါကြောင်း၊ စက်ပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ရောင်းချမည့်စက်၏ အရည်အသွေးအာမခံမှု၊ ဝန်ဆောင်မှုစသည့် အချက်အလက်များဖြင့် ရုံးချုပ်တွင် မှတ်ပုံတင်ခြင်း၊ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ခြင်း အစရှိသည့်လုပ်ငန်းများအပြင် စက်ယာဉ်၏ ဈေးနှုန်းများကို သင့်တော်မှုရှိ မရှိစိစစ်ခြင်း၊ မှန်ကန်သည့် သတင်းအချက်များနှင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ဝယ် ယူခွင့်ရရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် အကြံပြုပါကြောင်း ဆွေးနွေးသည်။


ထို့ပြင် အဆိုပါ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုး၊ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်းတို့က ဆွေးနွေးကြသည်။


ပြည်ထောင်စုလွှတ်တော်နာယကက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာပြီး အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ရပ်နားလိုက်သည်။


သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထိုက်ထိုက်

 

1