၃ စက်တင်ဘာ
သဘာဝဘေးအမျိုးမျိုးတို့အနက် ငလျင်ဘေးအန္တရာယ်သည် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို လျော့ပါးသက်သာအောင် စွမ်းဆောင်နိုင်စွမ်းမရှိသည့် ဘေးတစ်မျိုးဖြစ်သည်။ ငလျင်ပြင်းအား အနည်းအများအပေါ်မူတည်၍ ပြင်းအားများလျှင်များသလောက် ပျက်စီးဆုံးရှုံးမှုများမည်ဖြစ်သည်။ ငလျင်သည် ကမ္ဘာမြေကြီး၏ ဖွဲ့စည်းဖြစ်တည်မှုကိုအကြောင်းပြု၍ မလွဲမသွေဖြစ်ပေါ်လာနိုင်သည့် သဘာဝဖြစ်စဉ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငလျင်သမိုင်းကြောင်းတွင်ရာ စုနှစ်အလိုက် ကြီးမားသောဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ဖူးပြီး မျက်မှောက်ကာလတွင်လည်း ဖြစ်ပေါ်နေသည်။ မကြာသေးမီ နှစ်ကာလများအတွင်းက အင်အားအသင့်အတင့်ရှိသည့် ငလျင်များ နှစ်စဉ်လှုပ်ခတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တာလေငလျင်၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းငလျင်၊ ၂၀၁၆ ခုနှစ်တွင် ကလေးမြို့အနီးနှင့် ချောက်မြို့အနီးတို့တွင် အင်အားပြင်းသောငလျင်များ လှုပ်ရှားခဲ့သည်။
အဆိုပါငလျင်ဒဏ်ကြောင့် လူ့အသက်နှင့် အိုးအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရုံသာမက တန်ဖိုးမဖြတ်နိုင်သော ပုဂံရှေးဟောင်း အမွေအနှစ်များ ပြိုကျပျက်စီးခဲ့ရပေသည်။ ယခုအနီးစပ်ဆုံးကာလများကို ပြန်ကြည့်မည်ဆိုလျှင် ဩဂုတ်လ ၂ ရက်နေ့က မော်လိုက်မြို့အနီးတွင်၄ ဒသမ ၇ ရစ်ချ်တာစကေးရှိသည့် ငလျင်၊ ဩဂုတ်လ ၃ ရက်နေ့က မိုးညှင်းမြို့ အနီး ၃ ဒသမ ၅ ရစ်ချ်တာစကေးရှိငလျင်နှင့် ဆင်ဘိုမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်တို့မှာ သတိပြုဖွယ်ဖြစ်ခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီ၃၉ မိနစ် ၂၂ စက္ကန့်အချိန်၌ ရွှေဘိုမြို့အနီး အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ လှုပ်ရှားမှုသည် ငလျင်အန္တရာယ်ကို သတိမူကြရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါငလျင်သည် စစ်ကိုင်းပြတ်ရွေ့နှင့် ကဘော်ပြတ်ရွေ့အကြားရှိ ပြတ်ရွေ့ကြောင်းတစ်ခုဖြစ်ပြီး ငလျင်ဇောက်တိမ်သဖြင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ ငလျင်ဘေး အန္တရာယ်သည် အခြားမီးဘေး၊ ရေဘေး၊ လေဘေး စသည့်ဘေးအန္တရာယ်များကဲ့သို့ ကြိုတင်သိရှိနိုင်ခြင်း မရှိသည့်အပြင် မကြာခဏ ဖြစ်ပွားလေ့မရှိသောကြောင့် ပြည်သူများအနေဖြင့် ငလျင်ဘေးအ္တရာယ်ကို သတိမမူပေါ့ပေါ့ဆဆ မေ့မေ့လျော့လျော့ နေတတ်ကြပေသည်။
ယခုမိုးရာသီကာလ ရေကြီးရေလျှံ၊ လေပြင်းထန်နေသောအချိန်တွင် ငလျင်ဘေးအန္တရာယ်ကို ပို၍ပင် သတိမမူမိကြပေ။ ငလျင်အန္တရာယ်သည် အခြားသဘာဝဘေးများကဲ့သို့ ရာသီအလိုက်ဖြစ်ပွားခြင်းမရှိဘဲ အချိန်အခါ ရာသီမရွေး ဖြစ်ပွားတတ်ပေသည်။ မြန်မာနိုင်ငံတွင် ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်ကြီးများအနက် ရေရှည်တွင် ငလျင်ဘေးအန္တရာယ်သည် အကြီးမားဆုံးဖြစ်မည်ဟု ပညာရှင်များက ယူဆထားကြသည်။ မည်သို့ပင်ဖြစ်စေ ငလျင်ဘေးအ္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနည်းလမ်းများကို ကြိုတင်ပြင်ဆင် အကောင်အထည်ဖော်ဆောင်ရွက်ထားရမည် ဖြစ်သည်။
မကြာသေးမီက အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။ ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ မဟာဗျူဟာများနှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခြင်း၊ ပြည်သူလူထုအတွင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်တို့ကို ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်သည်
သို့ဖြစ်ရာ သဘာဝဖြစ်စဉ်များ ယိုယွင်းပျက်စီးနေသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် လူတို့ထိခိုက်မှုနည်း နိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်သည်။ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးမှု နည်းနိုင်သမျှနည်းပါးအောင် ကြိုတင်သတိထား ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ