၂၆  စက်တင်ဘာ

 

ဖောက်စွပ်ယာဉ်များ သံရည်ကြိုအပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ပြောသည်။

 

"ဖောက်စွပ်ယာဉ်တွေက မော်တော်ယာဉ်ဥပဒေအရဆိုရင် ခွင့်ပြုချက်ရတာလည်း မဟုတ်ဘူး၊ ကြိုတင်ခွင့်ပြုချက် ယူတာလည်း မဟုတ်ဘူး၊ အစိတ်ပိုင်း မမှန်မကန် ပြောင်းတာဖြစ်တယ်၊ မှတ်ပုံတင်မယ့်ယာဉ်တစ်စီးကို ဒီလိုမျိုး အစားထိုးပြီးတော့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် မော်တော်ယာဉ်ဥပဒေအရ ဒါ မှတ်ပုံတင် ဖျက်သိမ်းကို ဖျက်သိမ်းရမှာဖြစ်ပါတယ်၊ ဒါပေမယ့် နိုင်ငံတော်ကနေပြီးတော့ ပြည်သူ့အစိုးရဖြစ်တဲ့အညီ ပြည်သူရဲ့ နစ်နာချက်တွေကို စာနာထောက်ထားပြီးတော့ အခုလို ဖြေလျှော့ထားခြင်းဖြစ်ပါတယ်"ဟု  ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ပြောသည်။

 

ယခင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ- ၁၈(င) အရ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ပါရှိသည့်  မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခဲ့ကြောင်း၊ မှတ်ပုံတင်မဲ့ ယာဉ်တစ်စီး(သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ ဖောက်စွပ်/ဖြတ်ဆက် ပြုလုပ်ထားခြင်း ကြောင့် ဥပဒေနှင့်အညီ မလွှဲမရှောင်သာ တားဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"ရှိပြီးသား မှတ်ပုံတင်မော်တော်ယာဉ်တစ်စီးကို ဖြတ်ဆက်တာတို့ အခု အရပ်ခေါ်အတိုင်းဆို ဖြတ်ဆက်တယ် ဖောက်စွပ်တယ် နောက်ပြီးတော့ အလုံးချိန်းတယ်၊ Body Coach တွေ ပြောင်းပြီးတော့ မော်တော်ယာဉ်ဥပဒေနဲ့ မညီဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ခွင့်ပြုချက်မရဘဲ မှတ်ပုံတင်မယ့်ယာဉ်တွေနဲ့ အစားထိုးပြီးတော့ မှတ်ပုံတင်ပြီးသားယာဉ်တွေကို ပြုပြင်လာတာတွေ အစိတ်အပိုင်းမမှန် ပြောင်းလဲတာတွေကို တွေ့ရပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမှတ်ပုံတင်မယ့် ယာဉ်တွေနဲ့ ဒီလိုမျိုး မမှန်မကန်ဆောင်ရွက်တဲ့ယာဉ်တွေဆိုရင် မော်တော်ယာဉ်ဥပဒေပုဒ်မ- ၁၈(င) အရ အရေးယူပါတယ်၊ မှတ်ပုံတင် ဖျက်သိမ်းရတာဖြစ်ပါတယ်၊ ဒီလိုမျိုး မော်တော်ယာဉ်ဥပဒေအရ မှတ်ပုံတင် ဖျက်သိမ်းတဲ့အခါမှာ ၂၀၁၈ ခုနှစ်ကဆိုရင် ရုံးမိန့်တွေပါ ထုတ်ပြီးတော့ ဒီလိုဟာမျိုး ဖောက်စွပ်တွေ ဖြတ်ဆက်တွေ အလုံးချိန်းတဲ့ယာဉ်တွေကို ဝန်ကြီးဌာနကို တင်ပြပြီးတော့ မော်တော်ယာဉ်ဥပဒေအတိုင်း ပြင်းပြင်းထန်ထန်ဆောင်ရွက်လို့ရအောင် မှတ်ပုံတင်ဖျက်သိမ်းခြင်း ဆောင်ရွက်တယ်၊ မှတ်ပုံတင် ဖျက်သိမ်းတဲ့အပြင်ကို ရဲစခန်းအပ်တယ်၊ အဲလိုမျိုး လုပ်ခဲ့တယ်၊ အခု ရဲစခန်းမှာ အပ်တဲ့အခါမှာ လွန်ခဲ့တဲ့ လေးငါးလကစပြီးတော့ ရဲစခန်းမှာလည်း ထားလို့နေရာမရှိလောက်အောင် ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ အပ်တာတောင် လက်မခံဘူး၊ အဲဒါနဲ့ ရုံးထဲမှာဘဲ သိမ်းထားရတာ ရှိပါတယ်"ဟု ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ထပ်မံ ပြောကြားသည်။

 

ထိုသို့ မလွှဲမရှောင်သာ မှတ်ပုံတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့ရသောကြောင့်  ယာဉ်ပိုင်ရှင် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများအတွက် အထိုက်အလျောက် သက်သာခွင့်ရရှိစေရေး၊ ယာဉ်သိမ်းဆည်းခံရသော ပြည်သူအများစုက အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ရယူလိုသည့် ဆန္ဒကို ဖြည့်ဆည်းနိုင်ရေး၊ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော  Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များအားလုံး အပြီးတိုင် ဖျက်သိမ်းနိုင်ရေးတို့ကို ရည်ရွယ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီလိုမျိုး မှတ်ပုံတင်ဖျက်သိမ်းတဲ့ယာဉ်တွေကို ဒီလို သိမ်းတဲ့အခါမှာ တကယ်လက်တွေ့မြေပြင်မှာ တကယ်ခံစားတဲ့သူတွေက တကယ်လက်တွေ့ မသမာလုပ်တဲ့သူတွေမဟုတ်ဘဲ ရောင်းမှားဝယ်မှား အလိမ်ခံရတဲ့ ပိုင်ရှင်တွေ ကျွန်တော်တို့ဆီမှာ လာရောက်တာ များပါတယ်၊ သူတို့အနေနဲ့ ကျွန်တော်တို့ဆီလာတယ်၊ ကျွန်တော်တို့လည်း ရုံးမိန့်အရ မော်တော်ယာဉ်ဥပဒေအရ ဖျက်သိမ်းရတာ ဖြစ်ပါတယ်၊ အဲဒီဖျက်သိမ်းတဲ့အခါမှာ ကျွန်တော်တို့လည်း သူတို့ရဲ့ ချွေးနဲစာနဲ့ ဝယ်ထားတဲ့ဟာတွေ ရှိစုမဲ့စု ဝယ်ထားပြီးတော့ လုပ်ငန်းလုပ်ဖို့ တက္ကစီဆွဲဖို့ မိသားစု စားဝတ်နေရေးအတွက် ဒီလိုမျိုး လုပ်တဲ့အခါမှာ တော်တော်ကို ခံစားရပါတယ်၊ အဲဒါနဲ့ လူကြီးတွေကို ကျွန်တော်တို့တင်ပြတယ်၊ ကျွန်တော်တို့တင်ပြတဲ့အပြင် မော်တော်ယာဉ်အသင်း ရန်ကုန် မန္တလေးအသင်းတွေကလည်း ပြည်သူ့လွှတ်တော်တို့ နိုင်ငံတော် အကြီးအကဲတွေဆီမှာ တင်ပြတာတွေရှိပါတယ်၊ တကယ်ဖျက်သိမ်းခံရတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း သူတို့ အသနားခံ တင်ပြတာတွေ ရှိပါတယ်၊ အဲဒါတွေကြောင့် နိုင်ငံတော် အကြီးအကဲတွေကနေပြီးတော့ တကယ်နစ်နာခဲ့တဲ့ ပြည်သူတွေအတွက်ကို ဖြေလျှော့တဲ့အနေနဲ့ ယခုလို ဖောက်စွပ် ဖြတ်ဆက် အလုံးချိန်း ဖျက်သိမ်းပြီးသားယာဉ်တွေကို ကျွန်တော်တို့ မော်တော်ယာဉ် ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့စနစ် တင်သွင်းခွင့်ပုံစံ"ဃ" ပေးပြီးတော့ အသစ်တင်သွင်းခွင့် ပေးတဲ့ဟာတွေကို ပြုလုပ်ရခြင်းဖြစ်ပါတယ်"ဟု  ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ပြောသည်။

 

သို့ဖြစ်၍ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အစိတ်အပိုင်း မမှန်မကန်  Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိသောကြောင့် ရဲစခန်းများတွင် ထိန်းသိမ်းထားသောယာဉ်များနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ထိန်းသိမ်းထားသောယာဉ်များကို သံရည်ကြို အပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊  အစိတ်အပိုင်း မမှန်မကန်  Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိ သောကြောင့် မှတ်ပုံတင် ဖျက်သိမ်းမိန့် ထုတ်ပြန်ပြီးဖြစ်သော်လည်း ယာဉ်ပိုင်ရှင်များက လာရောက် အပ်နှံခြင်း မရှိသေးသည့် ယာဉ်များကိုလည်း သံရည်ကြိုအပ်နှံစေပြီး ယာဉ်အို ယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အသိပေးကြေညာထားသည်။

 

ထို့ပြင် နောက်ပိုင်းကာလများတွင် အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော  Body Coach ဖောက်စွပ်/ဖြတ်ဆက် ယာဉ်များကို စစ်ဆေးတွေ့ရှိပါကလည်း ချက်ခြင်း သံရည်ကြိုအပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ဖောက်စွပ်ယာဉ် စတင် ဖမ်းဆီးသည့် ၂၀ဝ၇ ခုနှစ်ခန့်မှစ၍ ယခုနှစ် စက်တင်ဘာ ၂၃ ရက်အထိ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်အစီးရေ ၃၆၂ စီးရှိကြောင်း သိရသည်။

 

လက်ရှိ မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေမှာ ဆယ်သိန်းကိုးသောင်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မော်တော်ယာဉ်အစီးရေသည် မြန်မာတစ်ပြည်လုံး၏ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။

 

Nyein Nyein