မင်းသော်

 

အင်ဒိုနီးရှားပိုင်နက်ရေပြင်မှာ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်လှေတွေ တစ်စင်းပြီးတစ်စင်း ဝင်လာနေခဲ့တာ ခန့်မှန်းခြေ လူဦးရေ ၁၅၀၀ ခန့် ရှိလာပါပြီလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြကြတယ်။ သူတို့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ကြီးကိုဖြတ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အများဆုံး လာရောက်ခဲ့ကြတယ်လို့ သိရှိရပြီး နောက်ထပ် အားချေးပြည်နယ် ကမ်းရိုးတန်းဆီ ဒုက္ခသည်လှေတစ်စင်း ဦးတည်လာနေတာကို အင်ဒိုနီးရှားရေတပ် ကမ်းခြေစောင့်တပ်က တွေ့ရှိတာကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရေပိုင်နက်ထဲကို ပြန်မလာနိုင်အောင် ကမ်းရိုးတန်းနဲ့ ရေမိုင် ၆၃ မိုင် အကွာအထိ ရေတပ်သင်္ဘော KRI Botang-907 က မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှားရေတပ်ဝက်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ထားခဲ့ပါတယ်။

 

အဲဒီနေ့ရက်မှာပဲ နယ်စပ်ဖြတ်ကျော် ဘင်္ဂါလီ ၁၃၀ ကျော် ယာယီခိုလှုံနေတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အစိုးရခန်းမမှာ ရာနဲ့ချီတဲ့ အင်ဒိုနီးရှားတက္ကသိုလ်  ကျောင်းသားတွေက ဒုက္ခသည်တွေကို တိုင်းပြည်ထဲကနေ နှင်ထုတ်ဖို့ ဖိအားပေး တောင်းဆိုခဲ့ကြပါတယ်။ အဲဒီလို တောင်းဆိုနေချိန် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေက ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဒေသခံတွေကလည်း ဒုက္ခသည်တွေကို လက်သင့်မခံကြောင်း ဆန္ဒပြခဲ့ကြပါသေးတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ယာယီထောက်ပံ့ကူညီသွားမယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပေမယ့် ဒေသခံတွေရဲ့ လက်သင့်မခံမှုကြောင့် ဒုက္ခသည်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဆီ ကူညီပေးရေးကိစ္စတွေကို ပြောဆို ဗျာများနေရပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော်သူများအရေးကို ဖြေရှင်းတဲ့နေရာမှာ ဒေသတွင်း လူထုရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေကိုလည်း ဦးစားပေးလုပ်ဆောင်နေတယ်လို့ အစောပိုင်းအနေအထားမှာ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒါဟာနာပူတရာက ဆိုထားခဲ့ဖူးသလို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေထဲက ပြန်လည်နေထိုင်ခွင့်မပြုတဲ့မူအရ ရိုဟင်ဂျာတွေက မူလနေထိုင်ခဲ့တဲ့နိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံနေရရင် အဲဒီနိုင်ငံဆီ ပြန်မပို့ဖို့နဲ့ နှင်ထုတ်တာတွေမလုပ်ဖို့ သူကပြောခဲ့ဖူးပါတယ်။ သို့သော်လည်း ဒေသခံတွေရဲ့ လက်သင့်မခံမှုကြောင့်ဘဲ ဒုက္ခသည်လှေကို အင်ဒိုနီးရှားက ရေပိုင်နက်ထဲတောင် ဝင်ခွင့်မပြုတဲ့ အခြေအနေပါ။

 

ဒုက္ခသည်ဆိုတိုင်း မြန်မာနိုင်ငံကသာ

 

အခုလို အင်ဒိုနီးရှားနိုင်ငံထဲကို ဘင်္ဂါလီတွေ အစုလိုက်အပြုံလိုက် အတင်းကာရော ဝင်ရောက်လာတဲ့အခါ ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက လာရောက်တယ်ဆိုတဲ့ ဖော်မြူလာအဟောင်းအတိုင်း အင်ဒိုနီးရှားအောက်လွှတ်တော် ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ လက်ထောက်ဥက္ကဋ္ဌ အာမတ်ဟာဖစ် တိုဟီက ပြီးခဲ့တဲ့သီတင်းပတ်က အဖြေထုတ် တလွဲပုံဖော်လိုက်တာက အတော်ကို အဆင်အခြင်မဲ့တဲ့ လုပ်ရပ်လို့ သုံးသပ်မိပါတယ်။

 

ဘင်္ဂါလီဖြစ်စဉ်တွေနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံကကမ္ဘာကိုရော ဒေသတွင်းနိုင်ငံတွေကိုပါ ရှင်းလင်းပြတ်သားစွာနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိတယ်ဆိုတာကို လက်ထောက်ဥက္ကဋ္ဌဆိုသူ မသိရှာလေရော့သလားလို့ မေးခွန်းထုတ်စရာပါ။

 

သမိုင်းကြောင်းကို ပြန်ပြောင်းပြောရရင် မြန်မာနိုင်ငံဆီ ဘင်္ဂါလီတွေ ရောက်ရှိလာပုံက ၁၉၄၈ လွတ်လပ်ရေးမရခင် အင်္ဂလိပ်လက်အောက်ခံဘဝ နယ်ချဲ့တွေကနေ လယ်ယာလုပ်ကိုင်ဖို့ ခေါ်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကနေ အလုပ်အကိုင်ကောင်းလို့ မပြန်တော့ဘဲ အခြေချနေထိုင် သူတွေရှိလာခဲ့ပါတယ်။ မိမိတို့နိုင်ငံမှာ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်နေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် မြေးအဆင့်ကိုပဲ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေကရှိသလို လက်တွေ့လည်း ကျင့်သုံးခဲ့ပြီးသားပါ။ ဒါပေမယ့် ဒီမှာမရိုးမသား ရှုပ်ထွေးမှုတွေနဲ့ ရိုဟင်ဂျာဆိုပြီး အတင်းကာရော ဇာတ်တွေနာရင်း ခိုးဝင်လာကြ၊ နယ်မြေလုချင်ကြ၊ လူအင်အားစုဆောင်းကြ၊ အကြမ်းဖက်ကြ စတာတွေရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတာက ရှိရင်းစွဲ မြန်မာနိုင်ငံသား စစ်စစ်တွေပါ။

 

နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ

 

မြန်မာအနေနဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လက်ခံရာမှာ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်တွေနဲ့ လက်ခံနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ပထမဆုံးဝင်လာတဲ့နေရာမှာ လက်ခံမယ်၊ လုံခြုံရေးအရ လိုအပ်တာကို စိစစ်မယ်၊ လူဝင်မှု ကြီးကြပ်ရေးက စိစစ်ပြီးနိုင်ငံသားဖြစ်ဖို့အတွက် မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ဆက်လက် လျှောက်ထားနိုင်ပါတယ်။ ဥပဒေနဲ့ ညီညွတ်တဲ့သူတိုင်း မြန်မာနိုင်ငံသားဖြစ်လာမှာပါ။ ဥပဒေနဲ့ မညီညွတ်ရင်တော့ ဘယ်သူမှနိုင်ငံသားဖြစ်လာမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေက ကိုယ့်နိုင်ငံသားမဟုတ်သူတွေကို မိမိတို့နိုင်ငံ အတွင်း လက်သင့်မခံလိုတဲ့ ဖြစ်စဉ်က အခုလက်ရှိ အင်ဒိုနီးရှားနိုင်ငံသားတွေ စိုးရိမ်ပူပန်ပြီး နေရပ်စွန့်ခွာသူတွေကို လက်သင့်မခံလိုတဲ့ ဖြစ်စဉ်နဲ့ အလားသဏ္ဌာန်တူတယ်ဆိုတာ ထိုပုဂ္ဂိုလ်သိပြီးသား ဖြစ်ပါလိမ့်မယ်။

 

ARSA အကြမ်းဖက်သမားတွေရဲ့ အကွက်ချ ပုံဖော်ဖန်တီးထားတဲ့ ချဲ့ကားလုပ်ကြံ တစ်ဖက်စောင်းနင်း သတင်းအတု၊ သတင်းမှားတွေအကြား မြန်မာ့တပ်မတော်နဲ့ ဒေသခံတွေအပေါ် ရက်စက်ကြမ်းကြုတ်သူတွေလို့ ကမ္ဘာက ထင်မှတ်နေကြ တာက မြန်မာနိုင်ငံအဖို့တော့ ထူးမခြားနား အကြောင်းအရာတစ်ခုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အမှန်တရားကို ရှင်းပြနေရုံနဲ့ ရပ်တန့်မနေဘဲ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံပေးဖို့ အသင့်ပြင်ထားခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အကြိမ်ကြိမ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံကို ဝင်ခွင့်ရတဲ့သူတွေဟာ ပြန်လည်လက်ခံရေးစခန်းတွေမှာ လိုအပ်တဲ့ အထောက်အပံ့ အပြည့်အစုံနဲ့ ခေတ္တနေထိုင်ကြရပြီး လိုအပ်တဲ့ အချက်အလက်စိစစ်တာတွေ လုပ်ဆောင်ပြီးသွားရင် နေရပ်ပြန်သူတွေရဲ့ဆန္ဒအတိုင်း နှစ်သက်ရာရွာတွေမှာ နေထိုင်နိုင်ကြပါတယ်။ ရွာဆိုလို့ဖြစ်သလို ပြီးပြီးရောတည်ဆောက်ပေးထားတာ မဟုတ်ပါဘူး။ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းအစရှိတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ စနစ်တကျ လုပ်ဆောင်ပေးထားတာပါ။

 

အင်ဒိုနီးရှားအောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ လက်ထောက် ဥက္ကဋ္ဌ အာမတ် ဟာဖစ် တိုဟီဆိုသူက မြန်မာနိုင်ငံရဲ့ ဆောင်ရွက်နေမှုတွေကို မျက်ကွယ်ပြုပြီး ၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ကမ္ဘာ့ နိုင်ငံတွေနဲ့ အထူးသဖြင့် အာဆီယံက မြန်မာနိုင်ငံကို ပြတ်ပြတ်သားသား အရေးယူဖို့လိုကြောင်း၊ ရှုတ်ချရုံနဲ့ မလုံလောက်ဘဲ မြန်မာနိုင်ငံကိုကမ္ဘာ့ဖိုရမ်တွေကနေ ဖယ်ထုတ်၊ လက်နက်နဲ့ စီးပွားရေးပိတ်ဆို့၊ နိုင်ငံကူးလက်မှတ်တွေနဲ့ ဗီဇာတွေရပ်ဆိုင်းပြီး လူမျိုးတုံးသတ်ဖြတ် ကျူးလွန်သူတွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးကို ဆွဲချက်တင် အရေးယူစတာတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုလိုက်ပါသေးတယ်။ ဘင်္ဂါလီတွေကို လက်ရှိအစိုးရက ဂရုမစိုက်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း စွပ်စွဲပုတ်ခတ်ထားပါသေးတယ်။ ဒါ့အပြင် ဘင်္ဂါလီတွေက ရခိုင်ပြည်နယ်မှာ ၁၀၅၅ ခုနှစ်ကတည်းက တည်ရှိနေတယ်လို့ ဆိုပါသေးတယ်။ အာချေးပြည်နယ်ကို ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေက မြန်မာနိုင်ငံကနေ ခိုးဝင်လာတဲ့ အနေအထားဖြစ်အောင် တမင်ရည်ရွယ်ပြောဆိုထားတာပါ။

 

ဖိအားအတွက် ထွက်ပေါက်ရှာ

 

ထိုသူရဲ့အပြောဟာ သူတို့နိုင်ငံထဲကို နေရပ်စွန့်ခွာသူတွေ မဝင်လာအောင် တားဆီးဖို့အပြင် မြန်မာ့ပြည်တွင်းရေးကို ဘင်္ဂါလီ အကြောင်းပြပြီး ဝင်ရောက်စွက်ဖက်လိုတဲ့ သဘောလို့ စာရေးသူကတော့ သုံးသပ်မိပါတယ်။ ဒီလို အပြောအဆိုတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂလားပင်လယ်အော်ကြီးကို ဖြတ်ပြီး နေရပ်စွန့်ခွာလိုသူတွေကို လူမှောင်ခို ကူးနေကြတဲ့သူတွေက မြန်မာနိုင်ငံက အတင်းမောင်းထုတ်ခြင်းခံနေရတဲ့ ဒုက္ခသည်တွေအဖြစ် ကလိမ်ကကျစ်တွေ သင်ကြားပေးပြီး ဆက်လက်သရုပ်ဆောင်ပြခိုင်းရင်း နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။

 

အတိတ်ကာလ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လွတ်လပ်ရေးကို ခက်ခက်ခဲခဲထိန်းသိမ်းနေရတဲ့ အချိန်တစ်ခု သက်တမ်း နုနယ်သေးတဲ့ အင်ဒိုနီးရှားဟာ သူ့ရဲ့ရပ်တည်မှုကို ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရချိန် မြန်မာခေါင်းဆောင်တွေက အင်ဒိုနီးရှားနဲ့ပတ်သက်တဲ့ ညီလာခံတစ်ခုကို ကျင်းပပေးဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းပေးခဲ့ပြီး အဲဒီညီလာခံကြောင့်သာ အင်ဒိုနီးရှားရဲ့ လွတ်လပ်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုခြင်း အခြေအနေကို ရရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ အင်ဒိုနီးရှားရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကမ္ဘာကသိနိုင်ဖို့ အသံလွှင့်နိုင်တဲ့ ဆက်သွယ်ရေးစနစ်တစ်ခုကိုလည်း မြန်မာနိုင်ငံကပဲ တပ်ဆင်ခွင့်ပြုပေးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရေးအတွက် ရန်ပုံငွေရရှိဖို့နဲ့ အင်ဒိုနီးရှားလွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဂါရုဒါ အင်ဒိုနီးရှားလေကြောင်းလိုင်းကို မြန်မာနိုင်ငံမှာ ပျံသန်းခွင့်ပြုခဲ့ပါသေးတယ်။ ဒါတွေက အင်ဒိုနီးရှား ခက်ခဲနေတဲ့အချိန် နှစ်နိုင်ငံကြားက ချစ်ခင်ရင်းနှီးမှုနဲ့ စာနာနားလည်မှုပြယုဂ် သမိုင်းကြောင်းပဲ မဟုတ်ပါလား။

 

အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးကာနီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေလည်း ရှိနိုင်မယ်လို့ သုံးသပ်ရပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအလှည့်ကျ နိုင်ငံအနေနဲ့ နာမည်ကောင်း ကျန်ရစ်လိုစိတ်နဲ့ ကြိုးစားပေးခဲ့တာ တွေရှိပေမယ့် NUG လို နိုင်ငံ့သစ္စာဖောက် အကြမ်းဖက်သမားတွေနဲ့ သူတို့ကို မြှောက်ပင့်သွေးထိုးပေးနေတဲ့ နိုင်ငံတွေရဲ့ လိုလားချက်ကို မဖြည့်စွမ်းနိုင်၊ ထိုသူတို့ မျှော်မှန်းသည့်အတိုင်း အကျိုးသက်ရောက်မှု မရှိနိုင်ဆိုတဲ့ အခြေအနေမှာ ဒီမိုကရေစီ ချန်ပီယံကြီး အင်ဒိုနီးရှားက ဘင်္ဂါလီအရေးကို အတင်းကာရော အရာသွင်းလို့ အမှတ်ယူတဲ့ အကြံဆိုးလို့ပဲ မှတ်ယူပါတယ်။

 

အာဆီယံအသိုက်အဝန်းရဲ့ ရည်ရွယ်ချက်က ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုမြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။ အခုလို အာဆီယံနိုင်ငံတစ်နိုင်ငံအပေါ် အတင်းကာရော စွပ်စွဲပြစ်တင်နေခြင်း၊ အခြားအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖိအားပေးပြောဆိုခြင်းတွေဟာ အာဆီယံရဲ့ မူလအနှစ်သာရကို အလေးမထားရာ၊ သွေးထိုးရာ ရောက်တဲ့အပြင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံအတွင်းမှာ မညီညွတ်မှု၊ အမြင်မတူညီမှုတွေ ဖြစ်လာနိုင်တယ် ဆိုတာကို အင်ဒိုနီးရှားရဲ့ အောက်လွှတ်တော် ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ လက်ထောက်ဥက္ကဋ္ဌ အာမတ် ဟာဖစ် တိုဟီ ဆိုသူနဲ့ အပေါင်းပါတစ်သိုက် သိစေလိုပါကြောင်း။