မန္တလေး  ၁၃   အောက်တိုဘာ

COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးတက္ကသိုလ် (မန္တလေး)မှ ဆရာဝန်များအဖွဲ့သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ သွားရောက် အားဖြည့် ကူညီကြမည်ဖြစ်ရာ အဆိုပါဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ လမ်း(၃၀)ရှိ ဆေးတက္ကသိုလ်(မန္တလေး) ပင်မဆောင်တွင်  ကျင်းပပြုလုပ်သည်။

 

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ သွားရောက် အားဖြည့် ကူညီကြမည့် ဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့သည်။

 

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ ဆေးတက္ကသိုလ် (မန္တလေး)၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ခုတင် (၃၀၀)ဆံ့သင်ကြားရေး ဆေးရုံကြီးနှင့် ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေကြသော ဆေးပညာအထူးကုဆရာဝန် (၁၆) ဦး၊ မေ့ဆေးအထူးကု ဆရာဝန် (၁၂) ဦး၊ စုစုပေါင်း ဆရာဝန် (၂၈) ဦးတို့ သွားရောက်၍ တွဲဖက်တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သိရပြီး အဆိုပါ ဆရာဝန်များသည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဖောင်ကြီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)