မန္တလေး ၁၁ နို၀င်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ဖောင်ကြီး Covid-19 ကုသရေးစင်တာသို့ နိုဝင်ဘာ ၁၂ ရက်နေ့မှစတင်၍ သွားရောက်အားဖြည့်ကူညီကြမည့် အထက်မြန်မာပြည်ကိုယ်စားပြု အထူးကုဆရာ၀န်၊ မေ့ဆေးဆရာ၀န်နှင့် ဆေးဝါးတက္ကသိုလ်မှ ပညာရှင်အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယနေ့နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။
အဆိုပါ အဖွဲ့တွင် အထူးကုဆရာ၀န် ၁၅ ဦး၊ မေ့ဆေးဆရာ၀န် ၈ ဦးနှင့် ဆေးဝါးတက္ကသိုလ်မှပညာရှင် ၄ ဦး တို့ပါ၀င်ပြီး ယင်းအဖွဲ့အား ၀န်ကြီးချုပ်က ဆေးတက္ကသိုလ်(မန္တလေး)တွင် သွားရောက်တွေ့ဆုံ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆေးတက္ကသိုလ်ပါ မောက္ခချုပ်နှင့် ဆေးရုံအသီးသီးမှ ဆေးရုံအုပ်ကြီးများလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေကို အမျိုးသားရေးတာ၀န်တစ်ရပ်အနေနဲ့ အားလုံးဝိုင်း၀န်းပူးပေါင်း ထမ်းဆောင်နေကြတာပါ၊၊ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ ဖြစ်ပွားမှုနှုန်းမြင့်နေတယ်၊၊ မန္တလေးတိုင်းမှာလည်း အဖြစ်များလာတယ်၊၊ ပြည်တွင်းကူးစက်မှု ရှိနေတာကြောင့်ပါ၊၊ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ လိုက်နာကျင့်သုံးနေထိုင်နိုင်တဲ့ လူတွေပေါ်မှာလည်း မူတည်ပါတယ်၊၊ ဒါတွေအားနည်းတဲ့အတွက် Second Wave က ပြင်းပြင်းထန်ထန် ဖြစ်လာပါတယ်၊၊ ရွေးကောက်ပွဲပြီးသွားပေမယ့် ပြည်သူတွေကလည်း လမ်းပေါ်မှာ လူစုလူဝေးနဲ့ သွားလာနေတာတွေကို မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်၊၊ ကြေညာချက်လည်း ထုတ်ထားပါတယ်၊၊ ပြည်သူတွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လိုက်နာပေးဖို့လိုပါတယ်၊၊ တချို့နိုင်ငံတွေမှာဆိုရင် Third Wave လို့တောင် စပြောနေကြပြီ၊ ဖြစ်ပွားမှုနှုန်းတွေ ပြန်တက်လာတယ်၊ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ ဆိုတာ အားလုံးကြိုးစားကြရဦးမှာပါ။ ကျန်းမာရေး၀န်ထမ်းတွေကလည်း အားလုံးစိတ်အားထက်ထက်သန်သန်နဲ့ ကူညီနေကြတယ်၊၊ လူနာတွေရဲ့အသက်ကို ကယ်တင်ရမှာဖြစ်တဲ့အတွက် ဒီလိုကပ်ရောဂါကျရောက်နေတဲ့အချိန်မှာ ကျရာတာ၀န်ထမ်းဆောင်ကြရမှာပါ၊၊ အခက်အခဲလည်း ရှိကြမယ်ဆိုတာ နားလည်သဘောပေါက်ပါတယ်၊၊ ကျန်းမာရေး၀န်ထမ်းတွေကို အားပေးဖို့လိုသလို အခြေခံကျတဲ့လုပ်အားပေးတွေကိုလည်း အားပေးဖို့လိုပါတယ်၊၊ ကိုဗစ်ရောဂါကုနေတဲ့စင်တာတွေမှာ လုပ်အားပေးနေတဲ့သူတွေကိုလည်း အမြဲအားပေးနေပါတယ်၊၊ အခုလို ရန်ကုန်အထိ သွားရောက်ကုသပေးတယ်ဆိုတော့ ရှေ့တန်းတိုက်ပွဲ ၀င်ရသလိုပါပဲ၊ စေတနာ ထိုက်ထိုက်တန်တန်နဲ့လည်း ကုသပေးရမှာပါ၊ မန္တလေးတိုင်းက ရန်ကုန်ကိုသွားတာ နှစ်သုတ်ရှိပြီ၊ ဂုဏ်ယူပါတယ်”ဟု ၀န်ကြီးချုပ်က ဂုဏ်ပြုစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ် (မန္တလေး)ပါမေက္ခချုပ် ဒေါက်တာခင် မောင်လွင်ကလည်း ဖောင်ကြီး Covid-19 ကုသရေးစင်တာသို့ သွားရောက်အားဖြည့်ကူညီကြမည့် အဖွဲ့အတွက် အားပေးစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် ဖောင်ကြီး Covid -19 ကုသရေးစင်တာသို့ သွားရောက်အားဖြည့်ကူညီ ဆောင်ရွက်မည့် အထက်မြန်မာပြည်ကိုယ်စားပြုသည့် ဒုတိယမြောက်အဖွဲ့ဖြစ်ပြီး ယခုလ ၁၂ ရက်နေ့မှစတင်၍ တစ်လတာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


