မုံရွာ   ၂  ဖေဖော်ဝါရီ

 

ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့် (Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ သီးနှံကာကွယ်ရေး တာဝန်ခံ ၁၀ ဦး၊ စိုက်ပျိုးရေးဝန်ထမ်း ၇၀ ဦး စုစုပေါင်း ၈၀ ဦးတက်ရောက်ပြီး ဖေဖော်ဝါရီ ၃ ရက်အထိ (၂)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“မနှစ်က ဖောငမြှောင်တောင်ပိုး ကျရောက်စဉ်က နှိမ်နှင်းရေးအခြေအနေ အားနည်းချက် အားသာချက်တွေကို သင်ခန်းစာယူပြီး အခုနှစ်မှာ ပိုးကျရောက်မှုကို ဘက်စုံကာကွယ်ရေးနည်းလမ်း အသုံးပြုနှိမ်နှင်းခြင်းအပြင် (Pheromone trap) ဟော်မုန်းထောင်ခြောက်နဲ့ ပိုးကျရောက်မှု အခြေအနေကို စောင့်ကြည့်နိုင်ဖို့၊ နောက်ပြီး စိုက်ပျိုးရေးဝန်ထမ်းများအနေနဲ့ ပိုးရဲ့ ရာသီစက်ဝန်းကို လေ့လာဖို့လိုသလို ဘယ်ကာလမှာကျရောက်ရင် ဘယ်လိုနည်းလမ်းနဲ့ နှိမ်နှင်းရမလဲဆိုတဲ့ အသိပညာ ဗဟုသုတရရှိရန် ရည်ရွယ်ဖွင့်လှစ်ပေးတာဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

 

ဖောငမြှောင်တောင်ပိုး ကျရောက်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်တွင် အစေ့ထုတ်ပြောင်း  စုစုပေါင်း ၄၀၁၉ ဧကတွင် ကျရောက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကန့်ဘလူမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာမြို့နယ် နှင့် ကလေးမြို့နယ်တို့တွင်  အစေ့ထုတ်ပြောင်း ၉၂ ဧကတွင် ကျရောက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)