မုံရွာ ၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများကို ဖျက်ဆီးတတ် သော ဖောငမြှောင်တောင်ပိုး ကျရောက်မှုကို စောင့်ကြပ်ကြည့်ရှု နှိမ်နင်းနိုင်ရန်အတွက် ဟော်မုန်း ထောင်ချောက် (Pheromone trap) အခု(၁၀ဝ)အား ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်းက မြို့နယ်(၄)မြို့နယ်မှာ ဧက(၉၀)ကျော်လောက်တော့ ဖြစ်နေတယ်၊ အခုထက် ပိုပြီးတော့ မကျယ်ပြန့်လာစေဖို့ နှိမ်နင်းနည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်၊ ဟော်မုန်း ထောင်ချောက် (Pheromone trap)က အမအနံ့ပေးပြီးတော့ အထီးဖလံကောင်တွေကို ဖမ်းတဲ့နည်းစနစ် ဖြစ်ပါတယ်၊ (၁၀)ဧက အကျယ်ပတ်လည်မှာ ထောင်ချောက်(၁)ခုကို အမြင့်(၅)ပေလောက်မှာ ထားပြီး ဖမ်းရမှာဖြစ်ပါတယ်၊ ဟော်မုန်းဆေး တစ်ထုပ်ကို(၁)လအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ မနှစ်ကလည်း ဖောငမြှောင်တောင်ပိုးကျခဲ့တာ ဖြစ်တဲ့အတွက် အခုနှစ်မှာလည်း ဆက်ဖြစ်နိုင်တယ်၊ ထောင်ချောက် တစ်ခုထောင်ထားခြင်းအားဖြင့် (၁၀) ဧကပတ်လည်မှာ စောင့်ကြည့်စရာမလိုဘဲ ငမြှောင်တောင်ပိုး ကျ/မကျကိုသိနိုင်မှာဖြစ်တယ်၊”” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းသီးနှံ ကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က ပြောသည်။
ဟော်မုန်းထောင်ချောက်(Pheromone trap)ဖြန့်ဝေပေးမှုအနေဖြင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်သို့ (၈)ခု၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့(၈)ခု၊ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ် (၆)မြို့နယ်သို့ (၂၅)ခု၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်သို့(၂၅)ခု၊ ကသာခရိုင်အတွင်းရှိမြို့နယ် (၇)မြို့နယ်သို့ (၉)ခု၊ယင်းမာပင်ခရိုင်အတွင်းရှိမြို့နယ်(၄)မြို့နယ်သို့(၁၀)ခု၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ (၉)ခု၊ တမူးခရိုင် တမူးမြို့နယ်သို့ (၁)ခု၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ် (၂)မြို့နယ်သို့ (၄)ခု၊ ခန်္တီးခရိုင်အတွင်းရှိ မြို့နယ် (၂)မြို့နယ်သို့ (၁)ခု စုစုပေါင်း (၁၀ဝ)ခုအား ဖြန့်ဝေပေးထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)