ဘားအံမြို့ ၃၀ ဇွန်
ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များကို ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးများ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာကြည့်တိုက်တွင် ထားရှိလေ့လာနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဂတိလိုက်စားမှုပြဿနာများနှင့် ပတ်သက်၍ သတိမမူဂူမမြင်ဖြစ်နေခြင်း၊ ပညာရှိသတိဖြစ်ခဲဖြစ်နေခြင်းတို့ကို ကော်မရှင်အနေဖြင့် ယခုကဲ့သို့ ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များ ပေးအပ်လှူဒါန်း၍ အသိပညာပေးခြင်းဖြစ်၍ အကျိုးကျေးဇူးများပါကြောင်း၊ နောင်တွင် ယခုစာအုပ်များကိုဖတ်ရှု၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ပြီဖြစ်၍ ကော်မရှင်အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံသို့ ရည်ညွှန်းစာစောင် (၁၃)စုံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်ထံသို့ ရည်ညွှန်းစာစောင် (၂၃)စုံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းထံသို့ ရည်ညွှန်းစာစောင်(၅)စုံ စုစုပေါင်း ရည်ညွှန်း စာစောင် (၄၁)စုံအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


