နေပြည်တော်၊ ၂၃ ဒီဇင်ဘာ
နေပြည်တော်ကောင်စီနယ်မြေရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ယခုလွှဲပြောင်းပေးအပ်သည့် ရည်ညွှန်းစာစောင်များသည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်တို့ဖြစ်ပြီး အဆိုပါ ရည်ညွှန်းစာစောင်များသည် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိဖြစ်ပေါ်နေမှုများကို သုံသပ်၍ စနစ်တကျရေးသားပြုစုထားသော စာစောင်များဖြစ်ပြီး အဆိုပါ ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဘာသာပြန်ဆိုထားခြင်းဖြစ်ကြောင်း၊ လူတိုင်းသည် မိမိတို့၏လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်ဖြစ်ကြောင်း၊ ရည်ညွှန်းစာစောင်များကို ကျယ်ကျယ်ပြန်ပြန့် လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ဖြန့်ဝေပေးခြင်း၊ ဆွေးနွေးဆောင်ရွက်မှုများပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး က ဤရည်ညွှန်းစာစောင်များကို Education for Justice-E4J ခေါင်းစဉ်ဖြင့် ပြုစုထားခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC မှ မူပိုင်ခွင့်တောင်းခံပြီး ခွင့်ပြုချက်အရထုတ်ဝေထားခြင်းဖြစ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာသင်တန်းများတွင် ကိုးကား၍ အသုံးပြုနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ထံသို့လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးမြင့်ထံသို့လည်းကောင်း ရည်ညွှန်းစာစောင်အစုံ ၉၀ ကို လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အမှန်တကယ် ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ကော်မရှင်၏ လုပ်ဆောင်ချက်များ အောင်မြင်မှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လက်ခံရရှိသည့် ရည်ညွှန်းစာစောင်ပါ အချက်အလက်များကို အလုပ်ရုံ ဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာသင်တန်းများတွင် အလျဉ်းသင့်သလို အသိပညာပေးထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဇော်မင်းလွင်(ပြန်/ဆက်)


