မန္တလေး ၂၄ နိုဝင်ဘာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏နည်းပညာအကူအညီဖြင့် ဖွင့်လှစ်လျက်ရှိသော “ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း ၂/၂၀၁၉” (Youth Integrity Camp 2/2019 )ကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ် သာရတနာမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉” အား ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မန္တလေး၊ မိတ္ထီလာ၊ မုံရွာမြို့များရှိ တက္ကသိုလ်/ကောလိပ် (၁၂)ခုမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၇)ဦး တက်ရောက်နိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည် ကျောင်းသားလူငယ်ထုအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးသင်ခန်းစာများကို အခြေခံပညာမှ စတင်သင်ကြားနိုင်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်း/ အလယ်တန်းအဆင့်(ဆရာကိုင်) စာအုပ်များကို ရေးသားပြုစု၍ ဖြန့်ဝေ သင်ကြားပေးလျက်ရှိပါကြောင်း။
ဆက်လက်၍ အထက်တန်းအဆင့်/ တက္ကသိုလ်အဆင့် ဆရာကိုင် စာအုပ်များ ရေးဆွဲပြဌာန်း နိုင်ရေးအတွက် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူ ပညာရှင် ဆရာကြီး၊ ဆရာမကြီးများဖြင့် ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ပြဿနာများ၏ အခြေခံမှာ အကျင့်စာရိတ္တတရားဖြစ်ကြောင်း၊ လူတစ်ဦး ချင်းစီကောင်းမှ တိုင်းပြည်တိုးတက်မည်ဖြစ်ရာ တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကောင်းမွန်မှုသည် နိုင်ငံတိုးတက်မှုနှင့် ပါ တိုက်ရိုက်ပတ်သက်နေပါကြောင်း၊ တိုင်းပြည်တာဝန်များကို လက်ဆင့်ကမ်းပြီး ပုခုံးပြောင်းတာဝန် ယူမည့် လူငယ်များသည် ပညာထူးချွန်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ရိုးသားဖြောင့်မတ်မှုနှင့် တည်ကြည်သမာဓိရှိရန် အထူးလိုအပ်ပါကြောင်း၊ ပညာရေးလုပ်ငန်းတွင် ဆရာ၊ ဆရာမများသည် ကျောင်းသူ၊ကျောင်းသားများ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ကျင့်သိက္ခာ မြင့်မားရေးအတွက် လက်တွေ့ကျကျဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံဖြစ်ရန် စခန်းဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားလူငယ်များတို့သည် မိမိတို့၏ ကိုယ်ကျင့်တရားစာရိတ္တကို မှတ်ကျောက်တင်ခံနိုင်ရန်နှင့် ဖြူစင်မြင့်မြတ်ခြင်းဖြင့် တန်းဖိုးရှိသူ တစ်ယောက်အဖြစ် ရပ်တည်သွားနိုင်ရေးအတွက် ကြိုးပမ်းကြရန်ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က “ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း” များ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာကို အကောင်အထည် ဖော်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်မည့် အခန်းကဏ္ဍကို အသိအမှတ်ပြု ရေးနှင့်လူငယ်တို့ကိုယ်တိုင် ရေးဆွဲလိုက်နာကျင့်သုံးသင့်သည့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ကျင့်ဝတ်များကို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖြစ်ပါကြောင်း။
အများပြည်သူဆိုင်ရာဖြောင့်မတ်တည်ကြည်မှုသည် နိုင်ငံတစ်နိုင်ငံတွင် ခိုင်မာအားကောင်းသော အင်စတီကျူးရှင်းများ တည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ်ပါကြောင်း၊ ယင်းသည် လုပ်ပိုင်ခွင့် အာဏာရှိသူများက မိမိတို့နှင့် မိမိတို့လက်သင့်ရာ လူအနည်းငယ် အကျိုးရှိစေရန်အတွက်သာမဟုတ် ဘဲ အများပြည်သူလူထုကြီးတစ်ရပ်လုံး၏ အကျိုးစီးပွားများအတွက် အလုပ်လုပ်နေကြခြင်းဖြစ် ကြောင်း အာမခံချက် ဖြစ်စေပါကြောင်း။
လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှု ထွန်းကားလာရေးနှင့် အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ပြုစုပျိုးထောင်ရေးအတွက် လူ့အဖွဲ့အစည်းတိုင်းတွင် အဂတိလိုက်စားနိုင်သော အခွင့်အလမ်းနှင့် အပြုအမူများကို လျှော့ချနိုင်သည့်စနစ်တစ်ရပ် အခြေ တကျတည်ရှိပြီး ဖြစ်စေရန်၊ လူမှုပတ်ဝန်းကျင်တစ်ရပ်လုံးတွင် အဂတိလိုက်စားမှုကို လက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲရန်၊ လူတိုင်းကို မိမိတို့၏လုပ်ဆောင်မှုတိုင်း အတွက် တာဝန်ယူမှုရှိအောင် ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ဤဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းတွင် အထက်ပါမဏ္ဍိုင်(၃)ရပ်ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဦးဆောင်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယနေ့ပြုလုပ်သော အခမ်းအနားသည် အသိပညာပေးရေးဖြစ်ပြီး ဖြစ်ပွားနေသည့် ရောဂါကိုကုသခြင်းမဟုတ်ဘဲ၊ ရောဂါ၏ အရင်းအမြစ်ကို ရှာဖွေကုသခြင်းနှင့် ဆင်တူကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုကို အခိုင်အမာတည်ဆောက်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူတာဝန်ခံမှုနှင့် ပွင့်လင်းမြင် သာမှုစသည့် အခြေခံကောင်းများလိုအပ်ပြီး အဂတိလိုက်စားမှုကင်းစင်သည့် အုပ်ချုပ်ရေးစနစ် မြင့်မားတိုးတက်ရန် လူငယ်စခန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူမြောက်များစွာ အသိပညာတိုးပွားပြီး အဂတိလိုက်စားခြင်းကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် UNODC မှ Country Manager , Ms.Marie Pagie Cauchoics က ယနေ့အချိန်တွင် ကမ္ဘာ့လူဦးရေ၏ (၁ ဒသမ ၈)သန်းခန့်မှာ လူငယ်များဖြစ်ပါကြောင်း၊ အဆိုပါ လူငယ်များ၏ ထက်ဝက်ခန့်သည် အာရှနှင့် ပစိဖိတ်ဒေသများတွင် နေထိုင်သူများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် အသက် (၃၀)နှင့်အောက်ဖြစ်ပါကြောင်း၊ လူငယ်များသည် စွမ်းအားရှင်များ ဖြစ်သဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ကိုင်နိုင်စွမ်းရှိပါကြောင်း၊ လူငယ်များအား စွမ်းဆောင်ရည် မြင့်မားရေး ဆောင်ရွက်မှုများသည် ဖြောင့်မတ်တည်ကြည်မှုခိုင်မာရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေးတို့အတွက် နည်းလမ်းတစ်ခု ဖြစ်ပါကြောင်း၊ ပြောင်းလဲလိုစိတ်၊ အတွေးအခေါ်နှင့် တီထွင်ဖန်တီးမှုများဖြင့် ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ပါကြောင်း၊ လူငယ်များသည် အနာဂတ်မျိုးဆက်သစ်များ ဖြစ်သဖြင့် အစိုးရအဖွဲ့အစည်းများအနေဖြင့် လူငယ်များကို ပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ YIC Camp သည် လူငယ်များကို မိမိတို့နှင့် သက်ဆိုင်ရာနယ်ပယ်များတွင် ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်သည့် လူငယ်များဖြစ်လာစေမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသော စခန်းဝင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ တက္ကသိုလ်အလိုက် မိတ်ဆက်ပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်း ဆွေးနွေးပို့ချမှုများကို ရွှေပြည်သာဟိုတယ်တွင် လည်းကောင်း၊ ညနေပိုင်း လှုပ်ရှားမှုများနှင့် တည်းခိုနေထိုင်မှုကို မန္တလေးနည်းပညာတက္ကသိုလ်တွင် လည်းကောင်း ဆောင်ရွက်ကြပြီး လူငယ်စခန်းကို နိုဝင်ဘာ ၂၈ ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


