“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း သိမ်းပွဲကျင်းပ

မန္တလေး  ၂၈  နိုဝင်ဘာ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်သော ဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ စခန်းသိမ်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ် သာရတနာမင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို ကျင့်ဝတ်လိုက်နာသူအဖြစ် အသိအမှတ်ပြုလက်မှတ်များနှင့် သင်တန်းဆင်းလက်မှတ်များကို ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် နှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူတို့က တက္ကသိုလ်/ကောလိပ်များမှ ကိုယ်စားလှယ်များကို ပေးအပ်ကြသည်။

 

ထို့နောက် UNODC မှ  Country Manager, Mr.Troels Vester နှင့် စခန်းဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စား မန္တလေးတက္ကသိုလ်မှ မအိမ့်ဝတီထွန်းတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

 

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တရားစွဲဆို အရေးယူဆောင်ရွက်ရုံမျှဖြင့် အောင်မြင်နိုင်မည်မဟုတ်၍ ကော်မရှင်သည် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးသော အပြုသဘောဆောင်သည့် နည်းလမ်းကို အခြားအစီအစဉ်များထက် ပိုမိုအလေးထား ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းသည် ယင်းအစီအစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးမှာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော သူရဲကောင်းများ မပေါ်ပေါက်နိုင်စေရေးအတွက် အဂတိလိုက်စားမှုက လွှမ်းမိုးသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်မှန်ပြောသူများအတွက် နေရာမရရှိခဲ့သည်မှာလည်း ကြာပြီဖြစ်ကြောင်း၊ ဤကဲ့သို့သော အမှားအယွင်းများကို ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲပေးနိုင်ရန် ဤစခန်းတွင် ပါဝင်ခဲ့သော လူငယ်များ၌ အသိပညာနှင့် အတွေ့အကြုံများ ရရှိခဲ့ကြပြီဟု ယုံကြည်ကြောင်း၊ လူအများအပြားကို ဒုက္ခဖြစ်စေသော ပဋိပက္ခအများစု၏ အကြောင်းရင်းအခြေ အမြစ်သည် “အဂတိလိုက်စားမှုဖြစ်သည်”ဆိုသည့် အချက်ကို သိရှိနားလည်ခဲ့ပြီးသည့်နောက် လူငယ်များအနေဖြင့် “မိမိတို့၏ အနာဂတ်ဘဝ သာယာရေးအတွက် အဂတိလိုက်စားမှုကင်းဝေးသော လူ့ဘောင်ကိုမဖြစ်မနေ ထူထောင်ကြမည်။ ဤသို့ ထူထောင်ရန်အတွက် မိမိတို့ကိုယ်တိုင်ကလည်း ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုနေထိုင် လုပ်ကိုင်ကြမည်။ မိမိတို့၏ပတ်ဝန်းကျင်မှ လူများကိုလည်း အတတ်နိုင်ဆုံး ဖြောင့်မတ်တည်ကြည်မှုရှိစေရန် ရှေ့ဆောင်လမ်းပြသွားမည်” ဟူ၍ ဆုံးဖြတ်ချက်တစ်ရပ် ခိုင်မာစွာ ချမှတ်စေလိုပါကြောင်း ပြောကြားသည်။

 

အဆိုပါ လူငယ်စခန်း၏ ဆွေးနွေးပို့ချချက်များမှ သင်တန်းသားများက ထုတ်ဖော်ခဲ့သည့် လူငယ်ထုလိုက်နာရမည့် ကျင့်ဝတ်(၁၀)ချက်ကို ရေးဆွဲခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)