နေပြည်တော် ၂၇ မေ
အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ နည်းပညာ အကူအညီဖြင့်“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉ (Youth Integrity Camp 2019) အား ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်/ကောလိပ်(၁၄)ခုမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၂)ဦးဖြင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ဇွန် ၃ ရက်မှ ဇွန် ၇ ရက်အထိ (၅)ရက် ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အဂတိလိုက်စားမှုနှင့် သဘောသဘာဝများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ များကို ပြည်တွင်းပြည်ပ ပညာရှင်များ ကဆွေးနွေးပို့ချမည်ဖြစ်ပြီး ပြည်ပနိုင်ငံမှ လူငယ်အဖွဲ့(၁)ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိအမြင်များကို ဖလှယ်ကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)