နေပြည်တော်   ၂၉   ဇူလိုင် 

 

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်(အခြေခံပညာအလယ်တန်း) ဆရာ ကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကော်မရှင်အဖွဲ့ဝင်ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုး၊ ဦးဟန်ညွန့်နှင့် ဒေါ်အေးအေးမူ၊ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ UNODC ရုံးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အသိပညာပေးခြင်းလုပ်ငန်းသည် အထိရောက်ဆုံး၊ အကျယ်ပြန့်ဆုံးနှင့် အကောင်းဆုံး ရေရှည် လုပ်ဆောင်ချက်ဖြစ်သောကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အခြေခံပညာမူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူများမှစတင်၍ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ အစီရင်ခံစာတစ်ခုတွင် “တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေး နှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကြီးမားဆုံးသော အဟန့်အတားများအနေဖြင့် ပညာရေးနှင့် အခြားအခြေခံ အဆောက် အအုံများချို့ တဲ့မှုထက် အဂတိလိုက်စားမှု (သို့မဟုတ်) အကျင့်ဖောက်ပြန်မှုက ပို၍ဆိုးရွားစွာ ပျက်စီးစေသည်”ဟုဆိုပါကြောင်း၊ 

 

ယခုအခါနိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေခြင်းသည် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ ကျင့်သုံးတတ်စေရန်၊ ခြိုးခြံ ချွေတာတတ်စေရန်၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းရခြင်း၏ အကြောင်းရင်းများနှင့် အန္တရာယ်များကို သိရှိနားလည်ပြီး ပယ်ခွာတတ်စေရန်၊ နေ့စဉ်ဘဝတွင် အကောင်းအဆိုး အကြောင်း အကျိုးကို မှန်ကန်စွာဝေဖန်ပိုင်းခြားနိုင်ပြီး  ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာစေရန် လူ့အဖွဲ့အစည်း အပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များရရှိစေရန်နှင့် တန်ဖိုးထားအပ်သည့် စံနှုန်းများကို နိုင်ငံသူနိုင်ငံသားများအတွင်း ပိုမိုဖြစ်ထွန်းလာစေရန် ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကိုဖော်ဆောင်ပေး နေ ခြင်းဖြစ်ပါကြောင်း။

 

မြန်မာတစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုများ တစ်ပြိုင်နက်တိုက်ဖျက်နိုင်ရန် ဖြောင့်မတ် တည်ကြည်မှုကို အခြေခံသောအစုအဖွဲ့များ ဖြစ်ပေါ်လာစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့သို့ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးအဖွဲ့(Corruption Prevention Unit-CPU)များကို ဝန်ကြီးဌာန(၁၈)ခုတို့တွင် CPU(၃၂)ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ ပညာရေးဝန်ကြီးဌာန အတွက်လည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းနေစဉ်ကပင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို သင်ကြားလေ့ကျင့်ပေးမှသာလျှင် ၎င်းတို့စိတ်ထဲတွင်စွဲမြဲလာပြီး ဘဝတစ်လျှောက်လုံး မည်သည့်ကိစ္စမဆို ဖြောင့်မတ်တည်ကြည်မှုဖြင့် ဆောင်ရွက်သွားနိုင်သော အလေ့အကျင့်ကောင်း များ၊ အလေ့အထကောင်းများ ရရှိသွားနိုင်မည်ဖြစ်ပြီး နောင်လာမည့်အနာဂတ်အတွက်   နိုင်ငံသားကောင်းများ၊ ကမ္ဘာ့သားကောင်းများပေါ် ထွန်းလာမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဖြောင့်မတ် တည်ကြည်မှုအတွက် စာသင်ကျောင်းများတွင် သင်ယူလေ့လာနိုင်ရန် လွယ်ကူမှု အခွင့်အရေးပေး လိုက်ခြင်းသည် အနာဂတ်မျိုးဆက်များကို အဂတိလိုက်စားမှုကင်းဝေးသွားစေရန် အခွင့်အာဏာ ပေးအပ်လိုက်ခြင်းနှင့်အတူတူပင်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများတွင် ဖြောင့်မတ်တည်ကြည်မှု ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူနိုင်ရန် အခွင့်အရေးမရှိခဲ့ခြင်းသည် ယနေ့ နိုင်ငံတစ်ဝန်း လုံး အဂတိလိုက်စားမှုများ ပြန့်နှံ့နေရသည့် အကြောင်းတရားတစ်ခုဖြစ်သည်ဟု ယူဆနိုင်ပါကြောင်း၊  

 

ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုသည် လူငယ်တို့၏ ပညာရေး၊ စာသင်ကျောင်းများမှသာ စတင်ရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုသည် နိုင်ငံတော်၏ ကောင်းမွန်သော အနာဂတ်ကို ပုံသွန်းလောင်နိုင်သကဲ့သို့ ဖြောင့်မတ်တည်ကြည်မှုကို ဖောက်ဖျက်ခြင်းသည် အကျင့်ဖောက်ပြန်မှု သို့မဟုတ် အဂတိလိုက်စားမှု ဖြစ်သွားနိုင်သည်ကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ ဖြောင့်မတ်တည် ကြည်သော ယဉ်ကျေးမှု ထူထောင်ရာတွင် ကျောင်းသားကျောင်းသူလူငယ်များမှ စတင်ခြင်းဖြစ် သော်လည်း ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးယန္တရားနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများပါမကျန် တစ်ဦးချင်း အနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ပါဝင်လာစေရန် အလေးထားအားထုတ် နေရမည်ဖြစ် ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးထံ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(အခြေခံပညာ အလယ်တန်း) ဆရာကိုင်စာအုပ်များ ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌထံ   ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအား ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(အခြေခံပညာ အလယ်တန်း)ဆရာကိုင်စာအုပ်များ ပေးအပ်သည်။

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် ကော်မရှင်ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့တက် ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(အခြေခံပညာအလယ်တန်း) ဆရာကိုင် စာအုပ် ၄၀ဝ၀ဝ ပေးအပ်ခဲ့ကြောင်းသိရသည်။ 

 

သတင်းစဉ်