အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ နည်းပညာအကူအညီဖြင့် "ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း” ကို နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိသည်။ ဒုတိယအကြိမ်စခန်းဖွင့်ပွဲကိုနိုဝင်ဘာလ ၂၄ ရက်နေ့က မန္တလေးမြို့တွင်ပြုလုပ် ခဲ့ရာ ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ မန္တလေး၊ မိတ္ထီလာ၊ မုံရွာမြို့များရှိ တက္ကသိုလ်/ကောလိပ် ၁၂ ခုမှ ဆရာ ဆရာမနှင့် ကျောင်သား ကျောင်းသူ ၁၂၇ ဦးတက်ရောက်ခဲ့ကြသည်။ ။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့နှင့် သက်ဆိုင် သည့် ပြဿနာများ၏အခြေခံဇာစ်မြစ်မှာ ကိုယ်ကျင့်တရား စာရိတ္တဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် လူတစ်ဦးချင်းစီကောင်းမှသာ တိုင်းပြည်ကောင်းမွန် တိုးတက်မည်ဖြစ်ရာ လူတစ်ဦးချင်းစီအလိုက် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း သည် နိုင်ငံတိုးတက်သည်အထိ အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေပါ သည်။ ထို့ကြောင့်လူတစ်ဦးချင်းစီအလိုက် ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ယခု ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်းမှ အစပြုသည်ကို တွေ့ရ၍ ဝမ်းမြောက်မိပါသည်။
လူတို့၏ ကိုယ်ကျင့်တရားကိုပြုပြင်ရာ၌ အသက်ငယ်ရွယ်သူလူငယ်များ အား ပြုစုပျိုးထောင်ရသည်မှာ ပိုမိုလွယ်ကူပါသည်။ အရောင်အသွေးမရှိသေး သော လူငယ်တို့၏နှလုံးသားသည် ဖယောင်းကဲ့သို့ ပျော့ပျောင်း နူးညံ့မှုရှိရာ ကောင်းသောစိတ်ထားများနှင့် အပြုအမူများအား ညွှန်းဆိုပြသလိုက်နာ ကျင့်ကြံ အားထုတ်နိုင်ရေး ခရီးရောက်စေပါသည်။ ထို့ကြောင့် လူငယ်လူရွယ် များအား ရှေ့ဆောင်ထား၍ အရွယ်အဆင့်လိုက် ကျင့်ကြံအားထုတ်နိုင်ရန် အတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် လူငယ်ဦးရေသည် ၁ ဒသမ ၈ သန်းခန့်ရှိပြီး အဆိုပါ လူငယ်များ၏ထက်ဝက်ခန့်သည် အာရှပစိဖိတ်ဒေသများတွင် နေထိုင်ကြ သည်။ မြန်မာနိုင်ငံ၏လူဦးရေစုစုပေါင်း၏ တစ်ဝက်ခန့်သည် အသက် ၃၀ အောက် လူငယ်လူရွယ်များ ဖြစ်ကြသည်။ လူငယ်လူရွယ်များသည် နုပျို လန်းဆန်းသူများဖြစ်ပြီး အခြားမည်သည့် အရောင်အသွေးမှ လွှမ်းမိုးမှုခံရခြင်း မရှိသဖြင့် ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်စွမ်း ရှိသူများဖြစ်သည်။ လူငယ်များအား ကိုယ်ကျင့်တရား ကောင်းမွန်သည့် စွမ်းဆောင်ရည်မြင့်မားသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးခြင်းသည် ဖြောင့်မတ်တည်ကြည်မှုခိုင်မာရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တို့အတွက် နည်းလမ်းကောင်းပင် ဖြစ်သည်။ ။
ဖြောင့်မတ်တည်ကြည်မှုသည် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် အဂတိ လိုက်စားမှု ကင်းဝေးစေပါ သည်။ အဂတိလိုက်စားမှုကင်းဝေးခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို ဦးတည် စေပါသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ဦးတည်ရာ၌သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုကို အခိုင်အမာ တည်ဆောက်ထားရန် လိုအပ်ပေရာ အဓိကအချက်မှာ အဂတိလိုက်စားမှု ကင်းစင်ရေးပင်ဖြစ်သည်။ အဂတိလိုက်စားမှု ကင်းစင်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရန် အတွက် အနာဂတ် နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူမည့် လူငယ်လူရွယ်များအား ဖြောင့်မတ်တည်ကြည်သော လူငယ်လူရွယ်များ ဖြစ်လာအောင် ယခု စတင် ပျိုးထောင်ပေးနေခြင်းဖြစ်သည်။
ဖြောင့်မတ် တည်ကြည်သော ယဉ်ကျေးမှု ထွန်းကားလာရေးနှင့် အများ ပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ပျိုးထောင်ရေးအတွက် လူ့အဖွဲ့ အစည်းတိုင်းတွင် အဂတိလိုက်စားနိုင်သော အခွင့်အလမ်းနှင့် အပြုအမူများ လျှော့ချနိုင်သည့် စနစ်တစ်ရပ် အခြေတကျဖြစ်စေရန် လိုအပ်ပါသည်။ လူမှု ပတ်ဝန်းကျင်တစ်ရပ်လုံး အဂတိလိုက်စားမှု ကင်းစင်သော ယဉ်ကျေးမှု ထူထောင်နိုင်မှသာ ယုံကြည်စိတ်ချရသော လူ့ဘောင်လောက တည်ဆောက် နိုင်မည်ဖြစ်သည်။
ကြေးမုံ