ဖောင်းပြင် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဒေသအခေါ် ၇၂ စပါးမျိုး (သက်တမ်းတိုစပါးမျိုး) ကို မိုးရေအားပြု၍ စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါစပါးမျိုးအား တောရိုင်းမြေများကို ခုတ်ထွင်ရှင်းလင်း၍ ထယ်နှစ်စပ်ထိုးကာ ပက်ကျဲ၍သော်လည်းကောင်း၊ ထွန်ကြောင်းပေး၍ အစေ့ချ၍သော်လည်းကောင်း မိုးရေကိုအားပြု၍ ဇွန် ၅ ရက်မှ စတင်စိုက်ပျိုးခဲ့ပြီး သက်တမ်းအားဖြင့် သုံးလဝန်းကျင်သာရှိကာ ယခုအခါ စပါးနှံများမှာ ရင့်မှည့်ချိန် နီးကပ်လာ၍ ရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း ညောင်ကုန်းကျေးရွာမှ စပါးစိုက်တောင်သူ ဦးမင်းမင်းထွန်းထံမှ သိရသည်။
ထိုသို့စိုက်ပျိုးခြင်းသည် ရေသွင်းစရာမလိုခြင်း၊ ပျိုးနှုတ်ခ ကုန်ကျစရိတ်သက်သာခြင်း၊ စိုက်စရိတ်သက်သာခြင်း၊ မိုးရေကို အားပြုစိုက်ပျိုးရသောကြောင့် မိုးဦးကျ၌ စောလျင်စွာ စိုက်ပျိုးရပြီး စောလျင်စွာ ရိတ်သိမ်းရခြင်းတို့ကြောင့် မိသားစု စားသုံးရန်အတွက်သော်လည်းကောင်း၊ ရောင်းချရန်အတွက်သော်လည်းကောင်း အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)


