ဖောင်းပြင် ၂၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဇွန်လ ၂၈ ရက်အထိ စုစုပေါင်း ၃၂ ဦး ကူးစက်ခံထားရပြီး ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များကို ယနေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူထံမှသိရသည်။
အလားတူ ယခုလ ၃၀ ရက်နေ့မှစ၍ မြို့တွင်းရှိ အထည်ဆိုင်များ ဈေးရောင်းချခြင်းကို တစ်ပတ်ပိတ်ထား မည်ဖြစ်ပြီး စားသောက်ကုန်ပစ္စည်းဆိုင်များကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချစေမှာဖြစ်ကြောင်း၊ မြို့မစည်ပင်သာယာဈေးကို ဇူလိုင်လ (၁) ရက်မှ တစ်ပတ် ယာယီပိတ်ထားမည်ဖြစ်ပြီး ပြည်သူများသိရှိလိုက်နာနိုင်ရေးအတွက် ဒေသန္တရစည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားသည့် ကြော်ငြာစာများကို တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြင့်ထွန်း(ဖောင်းပြင်)



