ဖောင်းပြင် ၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ပံပြောင်းစိုက်တောင်သူများ ယမန်နှစ်များထက် များပြားလာခြင်းကြောင့် နှစ်စဉ်နှစ်တိုင်းလို ဈေးကောင်းမရရှိဘဲ ဈေးအသင့်အတင့်သာ ရရှိနေကြောင်း ပိုးစာကုန်းကျေးရွာနေ ပံပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
"ပြီးခဲ့တဲ့နှစ်တွေကတော့ စိုက်တဲ့သူသိပ်မရှိဘူး။ ဒီနှစ်ကပိုစိုက်ကြတယ်၊ ပြီးခဲ့တဲ့နှစ်ကဆို ပြောင်းဖူးတစ်ဖူးကို တစ်ရာ့ငါးဆယ်ဝန်းကျင် ရောင်းရပါတယ်၊ ဒီနှစ်မှာကတော့ တစ်ထောင်ဖိုးကို ၁၂ ဖူး ၁၃ ဖူးအထိ ပေးနေရပါတယ်။ အဖူးအသေးဆို ၁၅ ဖူးအထိပေးနေရပါတယ်။ အရှုံးကတော့မရှိပါဘူး၊ အမြတ်တော့နည်းတယ်၊ နှစ်တိုင်းကတော့ ဆယ်ဇင်း၊ နောင်ပိုအောင်၊ နန့်တောတို့ကို ပို့တဲ့ကုန်သည်တွေလည်း သိပ်မဝယ်ကြတော့တာလည်း ဖြစ်နိုင်ပါတယ်။ မြို့ဈေးမှာတော့ ဈေးအသင့်အတင့် ရနေပါတယ်လို့" ဈေးသို့ တစ်ဆင့်ပြန်လည် ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကိုထွန်း(ဖောင်းပြင်)