ဖောင်းပြင် ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အနီးတွင် ရောက်ရှိ နေပြီး ဆက်လက်မြှင့်တက်လျက်ရှိရာ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ ညနေ ၅ နာရီက သတိပေးနှိုးဆော်ခဲ့သည်။
ဖောင်းပြင်မြို့နယ်တွင် ယနေ့ နံနက် ၆ နာရီတိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် တစ်ပေခန့် အလိုတွင်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိပါက မြေနိမ့်ပိုင်း၌နေထိုင်ကြသည့် မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ကာ ပြည်သူတို့၏ ပစ္စည်းဥစ္စာများ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပြီး ထိုသို့ဆုံးရှုံးမှုများမဖြစ်ပေါ်ရေအတွက် ကြိုတင်သတိပေး ကြေညာရခြင်းဖြစ်ကြောင်း၊ လက်ရှိရေအမှတ်၌ပင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေများဝင်ရောက်နေပြီဖြစ်ပြီး ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်၏ ပြောကြားချက်အရ သိရသည်။
ကိုထွန်း(ဖောင်းပြင်)


