ဖောင်းပြင် ၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အဆင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စန္ဒားကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖောင်းပြင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ် က အမှာစကားပြောကြားကာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ရောဂါပိုးတွေ့ရှိသူများတွေ့ရှိရကြောင်း၊ ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်မှုမရှိစေရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားအား ထိခိုက်မှု နည်းနိုင်သမျှ နည်းနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများအား ဖောင်းပြင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက နှာခေါင်းစည်း(Masks)များ အခမဲ့ဖြန်ဝေခဲ့ကြကြောင်း သိရသည်။
ဇော်လင်း(ဖောင်းပြင်)


