ဖောင်းပြင် ၉ စက်တင်ဘာ
မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ မိုးစပါးစိုက်ပျိုးမည့် လျာထား ၅၃၉၂၈ ဧကရှိပြီး ၄၄၆၂၈ ဧက စိုက်ပျိုးပြီးဖြစ်သည်။ ဖောင်းပြင်မြို့နယ် အတွင်းမှာ မိုးရွာသွန်းမှု နောက်ကျတဲ့အတွက် ဇူလိုင်လ တတိယပတ် လောက်မှသာစိုက်ပျိုးကြရသည်။
ယနေ့အခြေအနေတွင် သက်တမ်း (၄၀)ရက် ခန့်လောက်ရရှိနေပြီး စိုက်ပျိုးရေးပညာရှင်များ၏ ခန့်မှန်းချက်အရ တစ်ဧက (၈၅)တင်း ထွက်ရှိရမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ မြို့နယ်အတွင်းမှာ မိုးကောင်းသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အခြားဆည်ကန်များမှရရှိတဲ့ရေနှင့် စိုက်ပျိုးကြသည်။ ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်ဘေးတွင် ရှိသောကြောင့် မြစ်ရေဝင်သည့် လယ်ဧက (၃၀ဝ)တွင်စိုက်ပျိုးနိုင်ခြင်း မရှိသေးပဲ ရေလွတ်ရာတွင် ပျိုးထောင်ထားဆဲဖြစ်ပေသည်။
ဖောင်းပြင်မြို့နယ်အတွင်းမှာ ရာသီစပါး(ဒေသစပါး)နှင့် သက်တမ်းစပါး ဟူ၍ စိုက်ပျိုးကြသည်။ ထိုစပါးများမှာ ဆင်းဧကရီ-၃၊ ဧရာမင်း၊ သုခရင် ၊ မှော်ဘီ-၂၊ ရွက်သေး၊ကောက်ညှင်းဆိုပြီး စိုက်ပျိုးကြသည်။ ရာသီစပါး(ဒေသစပါး)ဆိုသည်မှာ အလင်းရောင်တုံ့ပြန်မှုမရှိတဲ့စပါးဖြစ်ပြီး မိုးရာသီမှာသာ စိုက်ပျိုးဖြစ်ထွန်းသည်။ မည်သည့်ရက်တွင်စိုက်ပျိုးစေကာမူ ပန်းပွင့်ရက် ပုံသေရှိသဖြင့် ပန်းပွင့်ပြီးရက်(၃၀)ခန့်အကြာမှာရိတ်သိမ်းနိုင်သည်။(ဉပမာ-ပေါ်ဆန်းဘေးကြား ဖောင်းပြင် ဒေသထွက်ရွက်သေးစပါး) သက်တမ်းစပါးဆိုတာကတော့ အလင်းရောင်တုန့်ပြန်မှုမရှိသဖြင့် နွေရာသီရော မိုးရာသီပါ စိုက်ပျိုးနိုင်ပြီး မျိုးအလိုက်သက်တမ်းရက်စေ့ရင် ရိတ်သိမ်းနိုင်ကြောင်း ဖောင်းပြင်မြို့နယ်စိုက်ပျိုးရေးရုံးမှ သိရသည်။
ဖောင်းပြင်မြို့နယ်အတွင်းမှာတော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်း၍ ဧရာမင်း (၅)ဧကနှင့် ဆင်းဧကရီ-၃(၅)ဧက "မျိုးသန့်(R.S)မျိုးစေ့ထုတ်ကွက်" မျိုးစပါးစိုက်ပျိုး ထုတ်လုပ်လျှက်ရှိပြီး စိုက်ပျိုးသက်တမ်း (၄၀)ရက်သားခန့်အထိ ရောက်ရှိနေပြီဖြစ်သည်။ ဒီကထွက်ရှိသည့် မျိုးစပါးများကိုတော့ မြို့နယ်အတွင်းရှိကျေးရွာများတွင် မျိုးလိုအပ်သည့် တောင်သူများထံသို့ လာမည့်နှစ်စိုက်ပျိုးရာသီ၌ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ အလားတူ မြို့နယ်အတွင်းရှိ တောင်သူများမှလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးယူ၍ ကိုယ်ပိုင်ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစေ့ထုတ်လုပ်ကြသည်။
ထိုမျိုးစပါးများကိုတော့ တောင်သူများအနေဖြင့် မိမိအစီအစဉ်နှင့် ပြန်လည်ရောင်းချ၍မရပေ။ စိုက်ပျိုးရေးဦးစီးဌာနထံသို့ မျိုးစေ့အဆင့်အတန်း အစစ်ဆေးခံ၍ အောင်မြင်မှသာ၄င်းမျိုးစေ့အား ရောင်းချ၍ရပေသည်။ ထိုတောင်သူများကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့စိုက်ပျိုးထုတ်လုပ်သည့် နည်းပညာများကိုလည်း ပံ့ပိုးပေးလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(ဇေယျာ-ပြန်ဆက်)


