၂၁ မတ်

 

ဗီယက်နမ်-အမေရိကန်စစ်ပွဲကာလ ၁၉၆၈ ခုနှစ် မတ်လအတွင်းက တောင်ဗီယက်နမ်တွင် အမေရိကန်တပ်ဖွဲ့က ကျူးလွန်ခဲ့သည့် ၂၀ ရာစုနှစ်၏ ကမ္ဘာကျော်စစ်ရာဇဝတ်မှုတစ်ခုမှာ နှစ်ပေါင်း ၅၀ တင်းတင်းပြည့် သွားခဲ့ပြီဖြစ်သည်။ ထိုစဉ်က တောင်ဗီယက်နမ်နိုင်ငံ ကွမ်ငိုင်ပြည်နယ်ရှိ မိုင်လေ ခေါ် ရွာစုကလေးတွင် အမေရိကန်တပ်မဟာ ၁၁ ၊ ခြေလျင်တပ်ရင်း ၂၀၊ ပထမတပ်ရင်းမှ ချာလီတပ်ခွဲက ရှာဖွေ-ချေမှုန်း (Search and destory) စစ်ဆင်ရေး ပြုလုပ်ရင်း အပြစ်မဲ့ကျေးရွာသူ ကျေးရွာသားများဖြစ်သည့် သက်ကြီး ရွယ်အို၊ သားသည်မိခင်၊ ကလေးငယ်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပါမချန် စုစုပေါင်း လူဦးရေ ၅၀ဝ ကျော်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် နာရီပိုင်းအတွင်း သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဗီယက်ကောင်း ခေါ် ကွန်မြူနစ်ပြောက်ကျားများကို ရှာဖွေ သုတ်သင်ရန် ရည်ရွယ်ခဲ့သည့် အဆိုပါစစ်ဆင်ရေးတွင် အမှန်တကယ် သတ်ဖြတ်ခံရသူများမှာ လက်နက်မဲ့အရပ်သားများဖြစ်ကြပြီး နေအိမ်များကို မီးရှို့ခံခဲ့ရသည့်အပြင် အမျိုးသမီးငယ်များကိုပါ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြခဲ့ကြသည်။

 

 

စင်စစ်အားဖြင့် မိုင်လေရွာလူသတ်ပွဲ(My Lai Massacre) ဟု လူသိများခဲ့သည့် အမေရိကန်စစ်ဘက်၏ အဆိုပါစစ်ရာဇဝတ်မှုမှာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နှစ်နှစ်ခန့်ကြာပြီးမှသာ ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သူ ဆေးမွားဟက်ရှ်၏ ဖော်ထုတ်ရေးသားမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး အခြားလျှို့ဝှက်ထားရှိသော စစ်ရာဇဝတ်မှုများလည်း ရာနှင့်ချီ၍ ရှိနေခဲ့သည်ဟု သတင်းများက ဆိုခဲ့သည်။ အချိန်ကာလ၏ တိုက်စားမှုနှင့်အတူ အတိတ်၏ ပုံရိပ်များနှင့် နာကြည်းမှုများ တစ်စတစ်စ လျော့ပါးသွားခဲ့သလို တစ်ချိန်တစ်ခါက ရန်သူတော်တို့မှာ လက်ရှိအခြေအနေတွင်မူ အပြန်အလှန် အကျိုးစီးပွား ကိုယ်စီဖြင့် ပေါင်းသင်းဆက်ဆံနေကြပြီဖြစ်သည်။ သို့ရာတွင် ဗီယက်နမ်နိုင်ငံသည် စစ်၏ အနိဋ္ဌာရုံများကို ပြက်ပြက်ထင်ထင်ဖော်ပြကာ အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံခဲ့ရသည့် မိုင်လေရွာတွင် အထိမ်းအမှတ်နေရာနှင့် ပြတိုက်တို့ကို တည်ထောင်ခဲ့ပြီး သမိုင်း၏ ဖြစ်ရပ်မှန် အထောက်အထားများကို ထင်ရှားစွာပြသထားခဲ့သည်။

 

 

တစ်ဆက်တစ်စပ်တည်း ဖော်ပြလိုသည်မှာ မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူများသည်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ဒုတိယကမ္ဘာစစ်ကာလအတွင်း နိုင်ငံခြားတပ်ဖွဲ့များက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ခံစားခဲ့ရပါလျက်နှင့် အထိမ်းအမှတ် အထောက်အထားတို့ ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ ပျောက်ကွယ်လုနီးနီး ရှိနေခြင်းပင်ဖြစ်သည်။ မိမိတို့မြေပေါ်တွင် စစ်ပွဲလာဆင်နွှဲရင်း သေဆုံးကျဆုံးခဲ့ကြသည့် နိုင်ငံတကာမှ တပ်ဖွဲ့ဝင်တို့၏ စစ်သင်္ချိုင်းများ အထင်အရှားတည်ရှိနေသည့် အပြင် အရိုးကောက်အဖွဲ့ ၊ စစ်ဘက်အြွကင်းအကျန်များ ရှာဖွေသည့်အဖွဲ့စသည်ဖြင့် ယနေ့ထက်တိုင် လာရောက်နေကြဆဲဖြစ်သည့် အခြေအနေတွင်အိမ်ရှင် နိုင်ငံသားတို့၏ အထောက်အထားအထိမ်းအမှတ်တို့ ပျောက်ကွယ်နေရခြင်းဖြစ်သည်။

 

 

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း၊ လူနေအိမ်ခြေကျေးရွာများကို မီးရှို့ ခြင်း၊ လုယက်ခြင်း စသည်တို့ကို လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်သည့်ပြစ်မှု၊ စစ်ရာဇဝတ်မှုများအဖြစ် ပြဋ္ဌာန်းထားရာ ဒုတိယက္ဘာစစ်အတွင်း ဝင်ရိုးတန်းနိုင်ငံများ ဖြစ်ကြသည့် ဂျာမနီ၊ ဂျပန်၊ အီတလီတို့မှ တပ်ဖွဲ့ဝင်များကရော မဟာမိတ်နိုင်ငံများဖြစ်သည့် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်အပါအဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များကပါ လက်နက်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

 

 

မိမိတို့နိုင်ငံတွင်မူ ၁၉၄၂ ခုနှစ်အတွင်း ကိုလိုနီနယ်ချဲ့များ ဆုတ်ခွာထွက်ပြေးကြစဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ၊ မြေလှန် မီးရှို့ခံရပြီး ရွာလုံးကျွတ်ပျောက်ကွယ်သွားခဲ့ရသည့် ဖြစ်ရပ်များ စသည်ဖြင့် ၎င်းတို့၏ စစ်ရာဇဝတ်ကျူးလွန်မှုများ ရှိခဲ့စေကာမူ ထင်ရှားသည့် အထိမ်းအမှတ်များ မတွေ့ရသလောက် ပျောက်ကွယ်နေခဲ့ပြီဖြစ်သည်။ အတိတ်သမိုင်း၏ ဖြစ်ရပ်မှန်များကို ခိုင်ခိုင်မာမာဖော်ထုတ်ခြင်း၊ ထင်ထင်ရှားရှားထိန်းသိမ်းပြသခြင်းသည် အနာဂတ်တွင်အလားတူအမှားမျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် သင်ခန်းစာယူနိုင်ရေးပင် ဖြစ်သည့်အလျောက် ဖော်ထုတ်ထိန်းသိမ်းပြသနိုင်ပါစေကြောင်း။ 

 

မြန်မာ့အလင်း