ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်တို့က အမေရိကန်ရွေးကောက်ပွဲအတွက် ကူညီထောက်ပံ့

ဝါရှင်တန် ၁၆ ဩဂုတ်  

 

နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲ၌ ပြင်ပမှချုပ်ကိုင်မှုများနှင့် စွက်ဖက်မှုများအား ကာကွယ်ရန်အတွက် ဖေ့စ်ဘွတ်မဲဆန္ဒရှင် အသိပညာပေးစင်တာကို ဩဂုတ် ၁၃ ရက်မှစတင်ပြီး တည်ထောင်ခဲ့သည်။

 

ဖေ့စ်ဘွတ်၏ ဆောင်ရွက်ချက်သည် နည်းပညာကုမ္ပဏီများဖြစ်သော ဖေ့စ်ဘွတ်၊ ဂူဂဲလ်နှင့် အခြားအွန်လိုင်း နည်းပညာပလက်ဖောင်းများ ပူးပေါင်းပြီး သတင်းမှားပျံ့နှံ့မှု တိုက်ဖျက်ရေးနှင့် မဲဆန္ဒရှင်များအား ချုပ်ကိုင်ခြင်းမှကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

နည်းပညာကုမ္ပဏီဖြစ်သော ဂူဂဲလ်ကလည်း မဲဆန္ဒရှင်များအား ဆန္ဒမဲပေးရန် မှတ်ပုံတင်ခြင်းနှင့် မဲပေးခြင်းလုပ်ငန်းစဉ်များကို မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း အချက်အလက်အသေးစိတ်ကို အင်တာနက်စာမျက်နှာတွင် ရေးသားအသိပေးလျက်ရှိသည်။

 

ဂူဂဲလ်၏ လုပ်ငန်းခွဲဖြစ်သော ယူကျုကလည်း ၎င်း၏ စာမျက်နှာများတွင် ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များကို ခိုးယူပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မည့် ဆောင်ရွက်ချက်များကို တားဆီးလျက်ရှိကြောင်း သိရသည်။

 

ဖေ့စ်ဘွတ်၏ လုံခြုံရေးမူဝါဒဆိုင်ရာ တာဝန်ရှိသူဖြစ်သည့် နေသန်ဂလက်က မဲဆန္ဒရှင်များအတွက် မှန်ကန်သော သတင်းအချက်အလက်များရရှိရေးသည် သတင်းမှားတားဆီးရေးအတွက် ဆေးဝါးပင်ဖြစ်ကြောင်း ပြောကြားသည်။ ဖေ့စ်ဘွတ်အနေဖြင့် အမေရိကန်ရှိ မဲဆန္ဒရှင်ပြည်သူ လေးသန်းကို မဲပေးနိုင်ရေး အကူအညီပေးရန် ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။ ။

 

ကိုးကား - ဟက်တော့ပစ်

ဘာသာပြန် - စိုးသူရ