10 ဖေဖော်ဝါရီ

 

၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စု (F) ပထမနေ့အဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်တို့ တက်ရောက်ခဲ့သည်။

 

ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ''ကျွန်တော်တို့နဲ့ ပွဲဦးထွက်ကစားမယ့် ဟိုချီမင်းစီးတီးအသင်းက ကလပ်အသင်း အဆင့်သတ်မှတ်ချက်မှာ ကျွန်တော်တို့ထက် နိမ့်ပေမယ့် ဗီယက်နမ်နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းကို ထည့်တွက်ရပါမယ်။ သူတို့ရဲ့ ဘောလုံးအဆင့်အတန်းက မြင့်မားလာသလို ကစားသမားကောင်းတွေလည်း ပါလာမှာပါ။ သူတို့ရဲ့ ကစားပုံတွေကိုလည်း လေ့လာပြီးသွားပါပြီ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားမှ ရလဒ်ကောင်းရရှိမှာပါ။ ကျွန်တော်တို့က ပြည်တွင်းလိဂ်ပွဲတွေရော AFC Cup ခြေစစ်ပွဲရော ကစားထားရတာကြောင့် ပွဲပန်းနိုင်ပါတယ်။ ဒါပေမဲ့ သေချာပြင်ဆင်ပြီး ကစားမှာပါ။ လိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့ ခြေစွမ်းထက်ပိုကောင်းဖို့တော့ လိုပါတယ်။ ဟိုချီမင်းစီးတီးအသင်းက ကျွန်တော်တို့အုပ်စုမှာ အင်အားအတောင့်တင်းဆုံးလို့ ထင်ပါတယ်။ အိမ်ကွင်းမှာ ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားမှာပါ''ဟု ပြောကြားသည်။ ရန်ကုန်အသင်းခေါင်းဆောင် ကျော်ဇင်ထက်က ''နည်းပြသင်ကြားထားတဲ့အတိုင်း အကောင်းဆုံးကြိုးစားမှာပါ။ ပြိုင်ဘက်အသင်းရဲ့ အနေအထားကိုလည်း တတ်နိုင်သလောက် လေ့လာထားပါတယ်။ ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားမှာပါ''ဟု ပြောကြားခဲ့သည်။

 

ဟိုချီမင်းစီးတီးအသင်းနည်းပြချုပ် ဂျောင်ဟေးဆောင်က ''ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပြောင်းလဲ ကစားခဲ့ရပေမယ့် မြန်မာနိုင်ငံဘက်က ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ရလဒ်ကောင်းရယူနိုင်မယ်လို့လည်း ထင်ပါတယ်။ ဒဏ်ရာရကစားသမားတချို့ရှိပေမယ့် ကစားသမားတိုင်းက ခြေစွမ်းမကွာလို့ အကောင်းဆုံးကစားနိုင်မှာပါ။ ရန်ကုန်အသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး ပြည်တွင်းမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့အသင်းပါ။ ရန်ကုန်အသင်းရဲ့ ကစားပုံကိုလည်း တတ်နိုင်သလောက် လေ့လာထားပြီး ရမှတ်တွေ ရယူနိုင်ဖို့ ကြိုးစားမှာပါ''ဟု ပြောကြားသည်။

 

ရန်ကုန်အသင်းသည် အုပ်စု (F) တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ စင်ကာပူကလပ် ဟောင်အန်ယူနိုက်တက်အသင်း၊ လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့် ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၁ ရက် နေ့ ညနေ ၃ နာရီခွဲတွင် ဟိုချီမင်းစီးတီးအသင်းနှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်