၂၁ ဇန်နဝါရီ

 

ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်ရန်  အစီအစဉ်ဆွဲထားသည့် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအစီအစဉ်များ နှင့်ပတ်သက်ပြီး အလေးထားဆွေးနွေးမည်ဟု မျှော်မှန်းရကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က ပြောကြားသည်။

 

8552

 

သမ္မတ ဒေါ်နယ်ထရန့်၏ သဘောထားမှတ်ချက်များနှင့်ပတ်သက်ပြီး တနင်္ဂနွေက  Fox News မှ ပြုလုပ်သည့် အစီအစဉ်တစ်ခုတွင် မိုက်ခ်ပန့်စ်ကို မေးမြန်းခဲ့သည်။  အမေရိကန်သည် မြောက်ကိုရီးယားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရာတွင် ကြီးမားသော တိုးတက်မှုရှိခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

လွန်ခဲ့သော ၂ နှစ်က ထရန့်နှင့်၄င်းတို့ စတင်တာဝန်ယူချိန်တွင် မြောက်ကိုရီးယားအစိုးရက နျူကလီးယားလက် နက်များ၊ ဒုံးကျည်များ စမ်းသပ်နေကြောင်း မိုက်ခ်ပန့်က ပြောကြားခဲ့သည်။ ယခုအခါမှာ မြောက်ကိုရီးယားတွင် ထိုကဲ့သို့သော စမ်းသပ်မှုများမပြုလုပ်ရန် သဘောတူညီထားသည်ဟု ဆိုသည်။

 

ဒုတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေးတွင် ကင်ဂျုံအန်း ကတိပြုထားသည့်အတိုင်း နျူကလီးယားလက်နက် လျော့ချရေးအတွက် ခြေလှမ်းအစဖြစ်ကြောင်း မိုက်ခ်ပန့်က ဆိုသည်။ ထရန့်က လာမည့်ဆွေးနွေးပွဲကို အလွန်အကောင်းမြင်နေပြီး စစ်မှန်သောတိုးတက်မှု လုပ်ဆောင်နိုင်မည်ဟုယုံကြည်ကြောင်း မိုက်ခ်ပန့်က ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဖျက်သိမ်းရေးအတွက် အသေအချာ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်အတွင်း မိုက်ခ်ပန့်က စောဒကတက်ခဲ့သည်။

 

နျူကလီးယားလက်နက်များ၊ နျူကလီးယားနှင့်ပတ်သက်သည့် အဆောက်အဦများစာရင်း တင်ပြရန်အပြင် နျူကလီးယားစမ်းသပ်ရာနယ်မြေများဖျက်သိမ်းမှုကို စောင့်ကြည့်မည် စစ်ဆေးရေးမှူးများကိုလက်ခံရန် အမေရိကန်နိုင်ငံက မြောက်ကိုရီးယားသို့ တိုက်တွန်းလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်