နေပြည်တော် ၁၅ မေ
အများပြည်သူသုံး ဘတ်စ်ကားကြီးတစ်စီး လူရှုပ်ရှုပ် လမ်းရှုပ်ရှုပ်ကို ဟွန်းတီးသံ တညံညံဖြင့် ဖြတ်မောင်းလာသည်။ ဘတ်စ်ကားတစ်စီးအနေဖြင့် သည်မျှလောက် အလျဉ်စလိုလုပ်စရာ မည်သို့သော အကြောင်းမျှမရှိဟု ထင်ရသော်လည်း သည်တစ်စီးတည်းသာမဟုတ်၊ အခြားအခြားသော ဘတ်စ်ကားအချို့သည်လည်း အပြိုင်အဆိုင်ဆိုသလို ဟွန်းသံပေးကာ တရမန်းကြမ်းမောင်းနေကြ၏။ သည်မြင်ကွင်းမျိုးက ရန်ကုန်မြို့နေ သူများအဖို့ အလွန်ပင်ရိုးနေကြပြီတည်း။
လမ်းမတန်း၊ လမ်းသွယ်များ အားလုံးလိုလို၏ အများပြည်သူသုံး လူသွားစင်္ကြံ နေရာများမှာ ဆိုင်တန်းလျားမျိုးစုံ ခင်းကျင်းထားသည်။ အချို့သောဆိုင်များက စွန့်ပစ်အညစ်အကြေးများကို ဘေးက မြောင်းထဲသို့ ပစ်ထည့်ဖြေရှင်းလိုက်သည်။ အမှိုက်မျိုးစုံက ဟိုနားတစ်စ၊ ဒီနားတစ်စ၊ အချို့နေရာများမှာ ပတ်ဝန်းကျင်က မခံမရပ်နိုင်လောက်သည်အထိ အနံ့ တထောင်းထောင်း တောင်ပုံရာပုံ။ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများရှိ ကျူးကျော်အိမ်ရာများ၏ ဈေးကွက်က အလွန်ကြီးမားနေချေပြီ။ တရားမဝင်နေရာများ၊ အများပြည်သူသုံး လမ်းများပေါ်က အိမ်များ၏ ကာလပေါက်ဈေးက အံ့သြဖွယ် မြင့်မားနေပြီ။
ညဘက်ကားလမ်းများပေါ်တွင်၊ ဆိုင်ကယ်များပေါ်တွင် ဓားများ၊ တုတ်များတင်ဆောင်ကာ လမ်းပေါ်ကသူများကို မည်သို့သော အကြောင်းပြချက်မျှ မယ်မယ်ရရမရှိဘဲ ရိုက်နှက်ကြ၊ ခုတ်ထစ်ကြ၊ လေးခွဖြင့် ပစ်ခတ်ကြ၏။ မြို့သူမြို့သားတို့ ဒဏ်ရာများ သွေးထွက်သံယိုမှုများဖြင့် လူမဆန်လွန်းသော အကြမ်းဖက်တိုက်ခိုက်မှုများကို ခံစားနေကြရ၏။ သည်အဖြစ် အပျက်များကလည်း မန္တလေးသူ မန္တလေးသားတို့ကို နေ့စဉ် ညစဉ် စိုးရိမ် ပူပန်စိတ်များ၊ မလုံမခြုံစိတ်များ ဖန်တီးပေးနေပြီတည်း။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုပုံစံက လုပ်ပိုင်ခွင့်ပါမစ်ကို အခြေခံသော စီးပွားရေး၊ တရားမဝင် လုပ်ငန်းများကို အခြေခံသော စီးပွားရေး၊ သယံဇာတတို့ကို နီးစပ်သူချင်းဝေမျှရင်း တူးဖော်ထုတ်လုပ် ကုန်သွယ်သော စီးပွားရေး စသည့်လုပ်ငန်းတို့က လွှမ်းမိုးခဲ့သည် ဖြစ်သောကြောင့် ဆင်းရဲချမ်းသာကွာဟမှုက အလွန်အမင်း ကွာခြားနေသည်။ သည်လို စီးပွားဖြစ်ထွန်းခြင်း မမျှတမှုတို့က လူမှုအဖွဲ့အစည်း၏ ပြဿနာများကို မီးလောင်ရာလေပင့် ဖြစ်နေစေပြီ။
မြို့ ကြီးများ ကြီးထွားလာသည့်အခါ၊ အထူးသဖြင့် ကြီးထွားလာသည့် မြို့ ကြီးများသည် စနစ်တကျ ဖွံ့ ဖြိုးတိုးတက်မှု မဖြစ်ရသည့်အခါ၊ ထို့နောက် ယှဉ်တွဲနေသည့် စီးပွားရေးဖွံ့ ဖြိုးမှုက မမှန်ကန်သည့်အခါ မြို့ ပြလူမှုပြဿနာများက ဖြေရှင်းရခက်ခဲသည်ထက် ခက်ခဲရှုပ်ထွေး လာခဲ့သည်။
အိမ်တွင်း အိမ်ပ အကြမ်းဖက်မှုများ၊ လူကုန်ကူးမှု အစရှိသည်များ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ရာဇဝတ်မှုများက မြို့ ပြကို ခြိမ်းခြောက်နေပြီ။ ယင်းတို့က နေထိုင်စရာကျပ်တည်းမှု၊ သွားလာရေးခက်ခဲမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့နှင့် တွဲဖက်လာသည့်အခါ ပြည်သူလူထု နေ့စဉ် ပူပန်နေရသည့် အခြေခံပြဿနာများ ဖြစ်လာချေပြီ။
မြို့ ပြပြဿနာများဆိုသည်က မြို့ ကြီးပြကြီးတိုင်းတွင် ကြုံတွေ့နေကျ ဖြစ်ပါသည်။ သည်လိုပဲ ထိထိရောက်ရောက် ဖြေရှင်းကြရသည်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့် စင်ကာပူကဲ့သို့သော နိုင်ငံက စည်းကမ်းဥပဒေတို့ကို တိတိကျကျပြဋ္ဌာန်းကာ ထိထိရောက်ရောက် အရေးယူခြင်းဖြင့် ဥပဒေ စိုးမိုးမှုကို ဦးစားပေးကာ ဖြေရှင်းသည်ကို တွေ့ရပါသည်။ ဂျပန်နိုင်ငံက အတော်ပင် စနစ်ကျနပြီး ခိုင်မာမှုရှိလာနေသည့်အခါ အမှိုက်ပြဿနာဆိုလျှင် ပြည်သူလူထုတစ်ဦးချင်းစီက အမှိုက်ကို အိမ်အထိ သို့မဟုတ် အမှိုက်ပုံးရှိရာ နေရာရောက်သည်အထိ သယ်ယူသွားသည့် ပညာပေးမှုမျိုးက များစွာအောင်မြင်သည်ကို တွေ့ရပါမည်။ ကလေးငယ်များအရွယ်ကစကာ မူလတန်းပညာရေးစနစ်မှာကတည်းက သည်လိုစည်းကမ်းရှိသည့်၊ ယဉ်ကျေးသည့် လူကြီးလူကောင်းများ ဖြစ်ရေးကို စည်းရုံးပညာပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံက စည်းကမ်းထိန်းချုပ်မှု၊ ဥပဒေစိုးမိုးမှုတို့နှင့် အဟပ်ကွာ နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
သည်လို ရှုပ်ထွေးများပြားလွန်းလှသည့် မြို့ ပြလူမှုပြဿနာများနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးမှာ ခိုင်မာသည့် မူဝါဒနှင့် ရေရှည်အမြော်အမြင်ရှိသည့် လုပ်ငန်းစဉ်တို့ကို ဘက်စုံရှုထောင့်စုံက တွေးတောဖြေရှင်းပေးနိုင်မည့် ပညာရှင်များ၏ အကူအညီတို့ကို ယူရန်လည်း လိုပါမည်။ ယင်းသို့သော မူဝါဒချမှတ်ခြင်း၊ လုပ်ငန်းစဉ်ရေးဆွဲခြင်း တို့ကို အချိန်ယူကာ ကျကျနနရေးဆွဲချမှတ်ပြဋ္ဌာန်းရန် လိုမည်ဟုလည်း နိုင်ငံတကာအတွေ့အကြုံများက ဖော်ပြနေပြီး ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ မြို့ ကြီးများဖြစ်သော ရန်ကုန်မြို့ ၊ မန္တလေး မြို့တို့တွင် ကြိုးစားနေကြသည်ကို သိမြင်နေရပါသည်။ အထူးသဖြင့်မူ မြို့သူမြို့သားတို့၏ သဘောထားနှင့်အတူ ရေရှည်မြော်မြင်တွေးခေါ်နိုင်သော ခေါင်းဆောင်မှုဖြင့်သာ အောင်မြင်နိုင်မည်ဟုလည်း ယူဆပါသည်။
ထို့ပြင်တစ်ဝ၊ ချမှတ်ပြဋ္ဌာန်းပြီးသည့် လုပ်ငန်းများကို တိတိကျကျနှင့် ထိထိရောက်ရောက် ဆောင်ရွက် အကောင်အထည်ဖော်ခြင်းတို့ဖြင့် မြို့ပြလူထု သာယာအေးချမ်းသော ဘဝများကို မျှော်မှန်းနေနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း