မတ် ၆
ဖီဂျီနိုင်ငံ၏အကြီးမားဆုံးကျွန်းဖြစ်သော ဗီတီလီဗူအနောက်ပိုင်းရှိ အချို့ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုသတိပေးချက်များထုတ်ပြန်ခဲ့ရာ ယနေ့တွင် စာသင်ကျောင်းများလုံးပိတ်ထားခဲ့ကြောင်း သိရသည်။
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဆင့် ၄ ကီဗင်သည် ဖီဂျီနိုင်ငံတောင်ပိုင်းတွင်တည်ရှိနေပြီး အရှေ့တောင်ပိုင်း သို့ဖြည်းဖြည်းချင်း ရွေ့လျားလျက်ရှိသည်။
လျှပ်တစ်ပြက်ရေကြီးရေလျှံမှုသတိပေးချက်သည် မြေနိမ့်ဒေသများနှင့် ရာကီရာကီ၊ နာစီဗီ ဒေသများနှင့် သက်ဆိုင်လျက်ရှိသည်ဟု သိရသည်။
မိဘများ၊ ကျောင်းသူကျောင်းသားများနှင့် ဆရာများအနေဖြင့် နေအိမ်မှာပင်နေထိုင်ကြရန်နှင့် မိုးလေဝသသတင်းကြေညာချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အကြံပြုပြောကြားထားသည်။
အချို့သောဒေသများတွင် အထူးသဖြင့် အနောက်ပိုင်းတွင် ညတွင်းချင်းရေကြီးရေလျှံမှုများတွေ့ကြုံနိုင်ပြီး ယနေ့မွန်းလွဲပိုင်းမှစတင်ကာ နိုင်ငံ၏ဒေသအတော်များများတွင် မိုးပိုမိုရွာသွန်းနိုင်သည်ဟု မျှော်မှန်းထားကြောင်း ဖီဂျီမိုးလေဝသရုံးက ပြောကြားသည်။
ဖီဂျီနိုင်ငံ၏ဒုတိယအကြီးဆုံးကျွန်းဖြစ်သော ဗန်ယူအာလီဗူတွင် ယနေ့ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း ထိုရုံးကပြောကြားသည်။
ကန်ထရိုက်တာများက ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကိုယခုသီတင်းပတ်တွင် စတင်လုပ်ဆောင်သွားမည်ဟု ဖီဂျီလမ်းအာဏာပိုင်များက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို