၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပီအက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ပြိုင်ဘက်အသီးသီးကို ဂိုးပြတ်နိုင်ပွဲရရှိခဲ့ ကြပါတယ်။
အုပ်စု(B)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပီအက်စ်ဂျီအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၉ မိနစ်မှာ ဖေဘီရန်ရုဇ်၊ ပထမပိုင်း ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ခုနစ်မိနစ်မှာ ဗီတင်ဟာ၊ ပွဲကစား ချိန် ၈၇ မိနစ်မှာ မာယူလူနဲ့ သာမန်ပွဲကစား ချိန်အပြီး နာကျင်အချိန်ပို ခုနစ်မိနစ်မှာ လီကန်အင်(ပင်နယ်တီ)တို့က သွင်းယူပေး ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ချေပဂိုးပြန်လည်ရရှိရေး ကြိုးပမ်း ရင်း ပွဲကစားချိန် ၇၈ မိနစ်မှာ လန်ဂလက်ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကတော့ အောက်ကလန်စီးတီးအသင်းကို ၁၀ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၆ မိနစ်နဲ့ ၂၁ မိနစ်တို့မှာ ကင်စလေကိုမန်က နှစ်ဂိုး၊ ၁၈ မိနစ်မှာ ဆာချာဘိုရေက တစ်ဂိုး၊ မိနစ် ၂၀ နဲ့ ပထမပိုင်း ပွဲကစားချိန်အပြီး နာကျင်အချိန်ပိုသုံးမိနစ်မှာ မီခေးအိုလစ်က နှစ်ဂိုး၊ ပွဲကစားချိန် ၄၅ မိနစ်နဲ့ ၈၉ မိနစ်တို့မှာ သောမက်မူလာက နှစ်ဂိုး၊ ပွဲကစားချိန် ၆၇ မိနစ်၊ ၇၃ မိနစ်(ပင်နယ်တီ)နဲ့ ၈၄ မိနစ်တို့မှာ မူစီယယ်လာက သုံးဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခြားသော အုပ်စုအဆင့်ပထမပွဲစဉ်တွေမှာတော့ အယ်လ်အာလီအသင်းနဲ့ အင်တာမိုင်ယာမီအသင်း တို့ ပွဲစဉ်မှာ ဂိုးမရှိသရေ၊ ပါးလ်မီရက်အသင်းနှင့် ပေါ်တိုအသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေ၊ ဘိုတာဖို ဂိုးအသင်းက ဆီတယ်ဆောင်ဒါးစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး စသဖြင့် ရလဒ်အသီးသီး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်