၁၅ ဇန်နဝါရီ

ဖိလစ်ပိုင်နိုင်ငံမှာ တားလ်မီးတောင်ထိပ်ဝကနေ ချော်ရည်ပူတွေ စတင်စီးဆင်းလာနေပြီဖြစ်တာကြောင့် ဒေသခံပြည်သူတွေဟာ မီးတောင်နောက်ထပ်ပေါက်ကွဲမှုထပ်ဖြစ်နိုင်တဲ့ အန္တရာယ်ရှိအခြေအနေအတွက် ကြိုတင်ပြင်ဆင်နေရသလို ဒေသအာဏာပိုင်တွေကလည်း သဘာဝဘေးအန္တရာယ်ကျရောက်မှု အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
မီးတောင်ကနေ လျှပ်စီးတွေလက်၊ မိုးကြိုးသံတွေ ထွက်ပေါ်နေသလို အနီးအနား ဧရိယာတစ်ဝိုက်မှာလည်း မီးခိုးပြာတွေ ဖုံးလွှမ်းနေပါတယ်။ မီးတောင်ဝကနေ မီးခိုးပြာတွေ မှုတ်ထုတ်ခြင်းနဲ့ ချော်ရည်ပူတွေ ပန်းထွက်ခြင်းဟာ ရက်သတ္တပတ်အနည်းငယ်ကြာအောင် ဆက်ဖြစ်နေနိုင်တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၄ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်တာကြောင့် ဒေသခံပြည်သူတွေဟာ နောက်ထပ် အကြီးစားပေါက်ကွဲမှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာခဲ့ရပါတယ်။ အခုဆိုရင် ထောင်နဲ့ချီတဲ့ပြည်သူတွေက ဘာဆက်ဖြစ်လာမယ်ဆိုတာကို နားစွင့်နေကြရပါတယ်။

ဘေးလွတ်ရာ ရှောင်တိမ်း

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က တားလ်မီးတောင်ပေါက်ကွဲခဲ့ရာမှာ မီးခိုးလုံးကြီးတွေနဲ့ ပြာမှုန်တွေ ပျံ့လွင့်ခဲ့ပြီး ချော်ရည်ပူတွေ စီးကျလာခဲ့တာကြောင့် မနီလာမြို့တောင်ပိုင်းမှာရှိတဲ့ အဲဒီမီးတောင် အနီးတစ်ဝိုက်မှာ နေထိုင်သူတွေ ဘေးလွတ်ရာဆီ မြန်မြန်ဆန်ဆန် ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ အာဏာ ပိုင်တွေဆီက မီးတောင်ပေါက်ကွဲနိုင်တဲ့အခြေအနေ သတိပေးနှိုးဆော်သံကို ကြားလိုက်ရချိန်မှာ ဒေသခံပြည်သူတွေဟာ ၎င်းတို့ရဲ့ အသက်မွေးလုပ်ငန်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေသာမက ပိုင်ဆိုင်သမျှတွေ အကုန်ထားခဲ့ပြီး ဘေးလွတ် ရာဆီ ရွှေ့ပြောင်းခိုလှုံကြရာက အခုဆိုရင် ဒေသခံပြည်သူ သုံးသောင်းအထိ အကာအကွယ်တွေအောက်ကို ရောက်ရှိနေကြပြီလို့ သိရပါတယ်။

ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်မှု

မီးခိုးပြာတွေက ဘယ်လောက်ထိအန္တရာယ် ဖြစ်နိုင်သလဲ ဘာကြောင့် မီးတောင်က မှုတ်ထုတ်လိုက်တဲ့ မီးခိုးထုထဲမှာ လျှပ်စီးတွေ ဖြစ်ပေါ်ရသလဲ၊ ပြီးတော့ ဒီလိုဖြစ်ပေါ်မှုက ဩစတြေးလျမှာဖြစ်နေတဲ့ တောမီးလောင်မှုအပေါ် သက်ရောက်မှု ရှိလာနိုင်သလားဆိုတာက စိတ်ဝင်စားစရာ မေးခွန်းတွေ ဖြစ်လာပြီး ဒီမေးခွန်းတွေကို ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာဒေ့ဗ် ရိုသရီက ဖြေထားပါတယ်။

လျှပ်စီးလက်တာဟာ မီးတောင်ပေါက်ကွဲမှုကြောင့် ပေါ်ထွက်လာတဲ့ မီးခိုးထုတွေထဲမှာ ပုံမှန်မြင်တွေ့ရတတ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် အခု ရက်ပိုင်းအတွင်း မီးတောင်ပေါက်ကွဲမှုကို အမိအရ မှတ်တမ်းရယူ ရိုက်ကူးထားတဲ့ ကင်မရာအမြောက်အမြားရဲ့ ကျေးဇူးကြောင့် ဒီကိစ္စကို ပိုပြီးသေသေချာချာနဲ့ အကျွမ်းတဝင်မြင်တွေ့သိရှိခွင့်ရခဲ့ပါတယ်။ ။ မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်တဲ့အခါ ကျောက်သားတွေဟာ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်တဲ့အထိ အစိတ်စိတ်အမြွှာမြွှာကွဲထွက်ကုန်ပြီး ပြာမှုန်လေးတွေ ဖြစ်ကုန်ပါတယ်။ မီးလောင်တဲ့အခါ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြာမှုန့်မျိုးတော့ မဟုတ်ပါဘူး။ ဒီအမှုန်အမွှားတွေက လျှပ်စစ်ဓာတ်ကို သယ်ဆောင်နိုင်ပြီး အမှုန်တွေ အချင်းချင်းပွတ်တိုက်မိတဲ့အခါ လျှပ်စီးထွက်ပေါ်လာစေပါတယ်။

မရှူသွင်းမိဖို့လို

မီးတောင်ပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးပြာတွေဟာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုအများကြီး ဖြစ်စေတယ်လို့သိရပါတယ်။ ဒါက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တာကြောင့် မီးခိုးပြာမှုန်တွေကို မရှူသွင်းမိအောင် သတိပြုရမှာ ဖြစ်ပါတယ်။ ဒီတော့ မီးခိုးပြာတွေ ကျရောက်မှုအောက်မှာ သင်ရောက်ရှိနေပြီဆိုရင် တံခါးတွေ အလုံပိတ်ထားဖို့လိုမှာဖြစ်ပြီး နှာခေါင်းစည်းကိုလည်း တပ်ထားရပါတယ်။ အမှုန်တွေက စူးရှပါးလွှာမှုရှိတာကြောင့် မျက်လုံးတွေထဲကိုလည်း မဝင်စေသင့်ပါဘူး။

မီးခိုးပြာမှုန်တွေဟာဖလိုရင်းလိုမျိုး အဆိပ်တွေကိုသယ်ဆောင်လာနိုင်ပြီး အိုက်စလန်မှာဆိုရင် မီးတောင်ပေါက်ကွဲမှုတွေကနေ ပေါ်ထွက်လာတဲ့ပြာမှုန်တွေ ပါဝင်နေတဲ့မြက်ခင်းတွေကို စားမိခဲ့လို့ သိုးတွေသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက လူတွေကို တိုက်ရိုက်ထိခိုက်စေခြင်း မရှိပါဘူး။

မီးခိုးပြာတွေ ကျရောက်မှုကြောင့် ဖြစ်စေနိုင်တဲ့ တခြားပြဿနာတွေထဲမှာ သီးနှံစိုက်ခင်းတွေက အပင်တွေ အရွက်ကွာကျတာ၊ ပြာမှုန်တွေ အိမ်အမိုးပေါ် စုပုံနေပြီး ပထမဆုံးအကြိမ် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်တဲ့အခါ ရွှံ့ရည်၊ ချော်ရည်တွေ ဖြစ်သွားပြီး နေအိမ်ကို ပျက်စီးစေတာတွေ ဖြစ်နိုင်ပါတယ်။ အခုဖြစ်နေတဲ့ တားလ်မီးတောင်ပေါက်ကွဲမှုမှာ ပေါက်ကွဲမှုအတိုင်းအတာဟာ အမြင့် ၁ ကီလိုမီတာ (၃၂၈၁) ပေထက် မကျော်လွန်တဲ့အတွက် မီးခိုးပြာတွေဟာသိပ်ပြီး ဝေးကွာတဲ့နေရာအထိ မရောက်ရှိခဲ့ပါဘူး။ မီးတောင်ပေါက်ကွဲမှု အဆင့်သတ်မှတ်ချက် တကယ်လို့သာ ကားလ်မီးတောင်ပေါက်ကွဲမှုဟာအမြင့် ၁၅ ကီလိုမီတာ အထိရောက်ခဲ့မယ်ဆိုရင် အဲဒီအတိုင်းအတာဟာ လေထုအပေါ်လွှာအထိ ရေက်ရှိနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က မနီလာမြို့ အနောက်မြောက် ဘက်မှာရှိတဲ့ မီနာတူဘို မီးတောင်ပေါက်ကွဲမှုမှာ မီးတောင်ပေါက်ကွဲမှုအညွှန်း ကိန်း (VEI)ကို အဆင့်ခြောက်အဖြစ် သတ်မှတ်ခဲ့ပြီး ပေါက်ကွဲမှုဟာ အမြင့် ၂၄ ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။ တားလ်မီးတောင်က အဲဒီလောက်အဆင့် အထိ နောက်ဆုံးပေါက်ကွဲမှုဖြစ်ခဲ့ဖူးတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀၀ လောက်က ဖြစ်ပြီး ၁၇၁၆ ခုနှစ်၊ ၁၇၄၉ ခုနှစ်၊ ၁၇၅၄ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်တွေမှာ အဆင့်လေး အထိ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ 

အင်ဂျင်ထိခိုက်နိုင် 

ဒီတော့ လတ်တလောဖြစ်သွားတဲ့တားလ်မီးတောင်ပေါက်ကွဲမှုဟာ အတော် လေးကို သေးငယ်တယ်လို့ ဆိုနိုင်ပါတယ်။ အာဏာပိုင်တွေက မီးတောင်ဝကနေ ၁၅ ကီလိုမီတာအကွာအဝေးမှာ နေထိုင်ကြတဲ့သူတွေကို ကယ်ဆယ်ရွှေ့ပြောင်းမှုဆောင်ရွက်ရမယ့် ဇုန်အဖြစ် ကြေညာခဲ့တာဟာ အမြော်အမြင်ကြီးတဲ့ လုပ်ဆောင်မှုဖြစ်ပြီး လေထဲကလွင့်ပျံ့လာတဲ့ မီးခိုးပြာမှုန်တွေ ဂျက်လေယာဉ် အင်ဂျင်တွေကို ထိခိုက်စေမှာကို စိုးရိမ်တာကြောင့် မနီလာလေဆိပ်ကို ပိတ် ထားခဲ့တာ ဖြစ်ပါတယ်။ မီးတောင်ဟာ ကြီးမားတဲ့ ပေါက်ကွဲမှုထပ်ဖြစ်လာ နိုင်သေးတာမှန်ပေမယ့် ဒီလိုဆက်ဖြစ်နိုင်တာက အချိန်ခဏတာလောက် ပဲဖြစ်ပြီး ပြန်လည်ငြိမ်သက်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့ ပါတယ်။ တိုက်ရိုက်ဆက်နွယ်မှုမရှိ မီးတောင်တစ်ခု ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် အဲဒီနိုင်ငံအနီးက တခြားနိုင်ငံတွေမှာပါ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်စေနိုင်သလား လို့မေးရင် ဒီလို ဖြစ်တာမျိုးတော့ မသိရှိခဲ့ဖူးသေးပါဘူး။ ကမ္ဘာ့မြေလွှာအောက်မှာရှိတဲ့ ကျောက်ရည်ပူတွေ ဖြစ်ပေါ်မှုစနစ်ဟာ တိုက်ရိုက်ဆက်စပ်နေခြင်း မရှိဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

တူညီတဲ့တကယ့် အင်အားပြင်းငလျင် လှုပ်မှုတွေကတော့ တစ်ခုနဲ့တစ်ခု အလွန်နီးကပ်နေတဲ့ မီးတောင်တွေကို ပေါက်ကွဲမှုဖြစ်ကောင်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တခြားမီးတောင်တွေလိုပဲ တားလ်မီးတောင်ဟာဆိုရင်လည်း ကမ္ဘာ့အပေါ်ဆုံးအလွှာ ဖွဲ့စည်းပုံ ရွေ့ လျားပြောင်းလဲမှုတွေနဲ့ သက်ဆိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် မီးတောင်ပေါက်ကွဲခြင်းဖြစ်ပြီး တားလ်မီးတောင်ဟာ တကယ်တမ်း အကြီးစားပေါက်ကွဲမှုဖြစ်လာပြီး မီးခိုးပြာတွေ အကြီးအကျယ် ထွက်ပေါ်လာဦး မယ်ဆိုရင်တောင် မီးခိုးပြတွေကမ္ဘာ့တောင်ခြမ်းအထိရောက်ရှိနိုင်ဖွယ်မရှိတာကြောင့် ဩစတြေးလျ တောမီးလောင်မှုအပေါ် ဘာသက်ရောက်မှုမှရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ပါတယ်။ ။

ကလျာမိုးမြင့်
ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ