mdn

၁၅ နိုဝင်ဘာ


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုတွင်း အင်အားကြီး မလေးရှားအသင်းနှင့် ပွဲဦးထွက်စတင်ကစားရမည်ဖြစ်သည်။


အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ငါးသင်း၊ အုပ်စု (ခ) တွင် ခြောက်သင်း ပါဝင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က)တွင် အိမ်ရှင်ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။

 

အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် မလေးရှားအသင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် တီမောအသင်း၊ ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက်။ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲများကို ရီဇယ်အမှတ်တရကွင်းနှင့် ဘီနန်ကွင်းတို့၌ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကိုမူ ရီဇယ်အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်သည်။


ပွဲစဉ်ရေးဆွဲထားမှုအနေအထားအရ မြန်မာအသင်းသည် အုပ်စုလေးပွဲအနက် ပထမသုံးပွဲကို တစ်ရက်ခြား ကစားရမည်ဖြစ်ပြီး မလေးရှား၊ အိမ်ရှင်ဖိလစ်ပိုင်တို့နှင့် ကစားရမည့်ပွဲများမှာ နောက်တစ်ဆင့်တက်ရေး အရေးပါလျက်ရှိသည်။

 

 မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ပြိုင်ပွဲတွင် မလေးရှားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲ၌ တွေ့ဆုံခဲ့ပြီး သုံးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည်ပြီးခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆီမိးဖိုင်နယ် တက်ရောက်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

ညီမြတ်သော်တာ