မနီလာ ၊ ၂၉ ဒီဇင်ဘာ
ဖိလစ်ပိုင်အစိုးရသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့ ထိန်းချုပ်ရန် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံ ၁၉ နိုင်ငံမှ ခရီးသည်များအား နိုင်ငံအတွင်းဝင်ရောက်ခြင်းမှ တားမြစ်ထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက် (ယနေ့) ပြောကြားသည်။
အဆိုပါ ပိတ်ပင်တားမြစ်မှုသည် ဒီဇင်ဘာ ၃၀ ရက်မှ လာမည့်နှစ် ဇန်နဝါရီ ၁၅ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အဓိကအားဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆန္ဒရှိသော နိုင်ငံခြားသားများတွင်သာ ကျင့်သုံးမည်ဖြစ်သည်။ ပြည်ပနိုင်ငံများမှ ပြန်လာမည့် ဖိလစ်ပိုင်နိုင်ငံသားများကို အမိနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော်လည်း သီးခြားစောင့်ကြည့်ရေးစင်တာများတွင် ၁၄ ရက်ကြာ စောင့်ကြည့်မှု မဖြစ်မနေခံယူရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်မံပြောကြားသည်။
ထိုနည်းတူ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားသည့်နိုင်ငံများမှ ခရီးသည်များကိုလည်း နိုင်ငံအတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်သို့ ပြောင်းလဲသွားသည်ဟု ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။ သို့သော် အဆိုပါ ဗိုင်းရပ်စ်ပိုးသစ်သည် ဖိလစ်ပိုင်နိုင်ငံတွင် မတွေ့ရှိသေးကြောင်း ဖိလစ်ပိုင်ကျန်းမာရေး အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ဖိလစ်ပိုင်အစိုးရသည် မကြာသေးမီက ဗြိတိန်၌ တွေ့ရှိခဲ့သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ဂျပန်နိုင်ငံအပြင် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိုင်စလန်း၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ လက်ဘနွန်၊ နယ်သာလန်၊ စင်ကာပူ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်နှင့် ဆွစ်ဇာလန် တို့မှ ခရီးသည်များကို နိုင်ငံအတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ထားသည်။
ဖိလစ်ပိုင်အစိုးရသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ ဗြိတိန်နိုင်ငံမှ ခရီးသည်များကို ဒီဇင်ဘာ ၂၄ ရက်မှ ၃၁ ရက်အထိ နိုင်ငံအတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ပိတ်ပင်ထားသော်လည်း ရောဂါထိန်ချုပ်ရေးဆိုင်ရာ အစီအမံသစ်များအရ ယင်းတားမြစ်ကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ အထိ သက်တမ်းထပ်တိုးနိုင်ကြောင်း သိရသည်။
ကန့်သတ်ချက်အသစ် အကျုံးမဝင်မီ ဖိလစ်ပိုင်သို့ ခရီးတစ်ထောက်ရပ်နားရန် ရောက်ရှိသော ခရီးသည်များကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော်လည်း ရောဂါမရှိကြောင်း ဆေးစစ်ချက်မှတ်တမ်းကို တင်ပြနိုင်ရမည် ဖြစ်သလို အစိုးရက သတ်မှတ်ထားသည့်ရာများတွင် ၁၄ ရက်ကြာ သီးခြားစောင့်ကြည့်မှု မဖြစ်မနေခံယူရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။
ကိုးကား - ဂျိုဒိုနယူးစ်
ဘာသာပြန် - ဂျေတီ