ဖိလစ်ပိုင်ကဘိုရာကေး ကျွန်းခြောက်လကြာပိတ်ထားမည်

ဘိုရာကေး ၅ ဧပြီ

ကမ္ဘာလှည့်ခရီးသွားတွေကြားအပမ်းဖြေစရာကျွန်းအဖြစ် ကျော်ကြားတဲ့ ဖိလစ်ပိုင်နိုင်ငံ ကဘိုရာကေး ကျွန်းကိုခြောက်လပိတ်ထားမယ်လို့ သိရပါတယ်။ တခါကသာယာလှပတဲ့ သဲဖြူကျွန်းဘိုရာကေး ဟာစည်းကမ်းမဲ့စွန့်ပစ်မှုတွေကြောင့် မိလ္လာအညစ်အကြေးစွန့် ပစ်ရာရေပုပ်ကန်ဖြစ်လာမှာစိုးရိမ်ရတဲ့ အတွက် အာဏာပိုင်တွေကပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကျွန်းကိုလာမယ့် ဧပြီ ၂၆ က စပြီး နှစ်ဝက်ခန့်ပိတ်ထားဖို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး က အမိန့်ထုတ်ထားကြောင်း၊ ဘိုရာကေးဟာဖိလစ်ပိုင်ရဲ့နာမည်ကျော် အပမ်းဖြေစခန်းဖြစ်တာကြောင့် ယာယီပိတ်ထားခြင်းသာဖြစ်ပြီးနောင်မျိုးဆက်တွေအတွက် အတွေ့အကြုံပဲဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူ ဟယ်ရီရိုပ်က ပြောပါတယ်။

ခြောက်လကြာပိတ်ထားမယ့် ဆုံးဖြတ်ချက်ကြောင့် ဒေသခံအလုပ်သမား ထောင်ချီပြီး ထိခိုက်မှုရှိ မှာဖြစ်ပါတယ်။ ကျွန်းကို နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားဧည့်သည် နှစ်သန်းခန့် လာရောက်လေ့ရှိပြီး အကြမ်းဖျင်းဒေါ်လာ ၁ ဘီလီယံခန့် အခွန်ငွေရရှိနေကြောင်းသိရပါတယ်။ ရှန်ဂရီလာရဲ့ ကြယ်ငါးပွင့် အဆင့်ဘိုရာကေးရီဆော့နဲ့ Spa ဇိမ်ခံဟိုတယ် တွေ၊ကမ်းခြေစားသောက်ဆိုင်တွေရှိပြီး ဒေသခံ ထောင်နဲ့ချီကာအလုပ်ပေးထားနိုင်တဲ့နေရာဖြစ်ပါတယ်။

ဖေဖော်ဝါရီလက ကျွန်းပေါ်ကိုသမ္မတဒူတာတေးလာရောက်ခဲ့ပြီးနောက်ကျွန်းလေးပေါ်မှာခရီးသွားတွေ တည်းခိုနိ်ုင်တဲ့ ဟိုတယ်ပေါ် ၅၀ဝ ၊ စားသောက်ဆိုင်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ ပင်လယ်ထဲ ကိုအညစ်အကြေးတိုက်ရိုက်စွန့်ပစ်တယ်လို့ပြစ်တင်ခဲ့ပြီးယခုလိုယာယီပိတ်ထားမယ့်အစီအစဉ်ဖြစ်လာတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတချို့က ကျွန်းပေါ်ကရေမြောင်းစနစ်ကိုအညစ်အကြေးစွန့်ပစ်ဖို့အတွက် အသုံးပြုနေ ကြတာကြောင့် ကျွန်းရဲ့စိမ်းပြာရောင်ကမ်းခြေကိုပျက်စီးစေကြောင်း၊ ကျွန်းပေါ်မှာအမြဲတမ်းဧည့်သည် ၄၀ဝ၀ကျော် နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်း ၁၉၅ ခုဟာရေဆိုး မြောင်းစနစ်ကိုအသုံး ပြုခြင်းမရှိကြောင်းဖိလစ်ပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် သမ္မတဒူတာတေးလာရောက်ပြီးနောက် ဒေသတွင်းကစီးပွား ရေးလုပ်ငန်း တွေကိုဖယ် ထုတ်ခဲ့ပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ မကာအိုကအခြေစိုက်နာမည်ကြီး Galaxy Entertainment က ကာစီနိုနဲ့ အပန်းဖြေစခန်းတစ်ခုနောက်နှစ်ထဲမှာတည်ဆောက်ဖို့ လုပ်ပိုင်ခွင့် ရရှိသွားပြီလို့ သိရပါတယ်။ 

ဘာသာပြန် >မိုးမမ
ကိုးကား>အေအက်ဖီ