ရန်ကုန် ၁၄ ဇွန်
ဖိလစ်ပိုင်နိုင်ငံ၏ (၁၂၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ဖိလစ်ပိုင်နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး Mr.Eduardo Eco Kapunan, Jr. နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နှုတ်ခွန်းဆက် စကားပြောကြားကြပြီး ဖိလစ်ပိုင်နိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးသောင်းထွန်း၊ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ဖိလစ်ပိုင် လေတပ်ဦးစီးချုပ်Lt. Gen .Rozzano D Briguez AFP နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးရဲမြင့်ဆွေ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)