မနီလာ အောက်တိုဘာ ၂၇

 

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ အောက်တိုဘာ ၂၅ ရက်နှောင်းပိုင်းတွင် ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆောက်အအုံ အများအပြား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။

 

အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများသည် လူဇုန်ကျွန်းပေါ်ရှိ အီလိုကို့စ်နော်တီ ပြည်နယ်နှင့် အေဘရာ ပြည်နယ်တို့မှဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အယ်လ်မာ ဆယ်လ်ဗေးဒိုးက ပြောကြားသည်။

 

ယင်းမြေငလျင်ကြောင့် သေဆုံးသူတစ်ဦးမျှမရှိကြောင်း၊ သို့ရာတွင် လူနေအိမ်အများအပြား၊ ရာစုနှစ်နှင့်ချီ သက်တမ်းရှိသည့် ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများ ပျက်စီးမှုရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါမြေငလျင်သည် အောက်တိုဘာ ၂၅ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၉ မိနစ်တွင် လူဇုန်ကျွန်းပေါ်ရှိ အေဘရာပြည်နယ် တီနက်မြို့ အနောက်မြောက်ဘက် ခုနစ်ကီလိုမီတာအကွာ၊ အနက် ၂၈ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံဌာနက ကနဦးထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်