မနီလာ ၂၈ ဇန်နဝါရီ 

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း စစ်သွေးကြွများ အခိုင်အမာ နေရာယူထားသော ကျွန်းတစ်ကျွန်းရှိ ဘုရားရှိခိုးကျောင်း အတွင်း ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်တပ်ဖွဲ့မှ ပြောသည်။

 

ပထမအကြိမ် ပေါက်ကွဲမှုမှာ တိုက်ပွဲများဖြစ်ပွားရာ ဂျိုလိုရှိ ဘုရားရှိခိုး ကျောင်းအတွင်း တနင်္ဂနွေနေ့ နံနက်ပိုင်း တွင် လူများစုဝေးရာနေရာတွင် ဖြစ်ပွားခဲ့သည်။ ထို့နောက် တစ်ဆက်တည်းမှာပင် ဒုတိယအကြိမ်ပေါက်ကွဲမှုမှာ ယာဉ် ရပ်နားရာ နေရာတွင်ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂယ်ရီဘတ်စ်နာက အေအက်ဖ်ပီသို့ ပြောသည်။ ယခု လုပ်ရပ်သည် အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မလိုလားသည့် လူများ၏လက်ချက်ပင် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၄င်းကဆက်ပြောသည်။ ရဲချုပ်အော်စကာက သေဆုံးသူဦးရေမှာ ၁၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြောခဲ့သည်။ ယခုပေါက်ကွဲမှု၏ နောက်ကွယ်တွင်ရှိသော လက်သည်များကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

အေအက်ဖ်ပီ